Saturday, May 4, 2013

လက်ရွေးစင် ယူ-၂၃ အသင်း မေလအတွင်း တောင်ကြီး၌ သွားရောက် လေ့ကျင့်မည်

Saturday, 04 May 2013 10:15
နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှု တစ်ရပ် အဖြစ် ပဏာမ ယူ-၂၃ လက်ရွေးစင် အသင်းသည် လာမည့် မေလအတွင်း တောင်ကြီးမြို့သို့ သွားရောက် လေ့ကျင့်မည် ဖြစ်ကြောင်း သိရသည်။
ပဏာမ ယူ-၂၃ အသင်းသည် တောင်ကြီးမြို့တွင် (၁၀)ရက်ကြာ စခန်းသွင်း လေ့ကျင့်နေသည့် ကာလအတွင်း မြန်မာ့လက်ရွေးစင် ညွန့်ပေါင်း အသင်းနှင့် ခြေစမ်းပွဲ ကစားရန် စီစဉ်ထားကြောင်း သိရသည်။ ပဏာမ ယူ-၂၃ အသင်း အနေဖြင့် မေလ (၂၁)ရက်တွင် တောင်ကြီးမြို့သို့ ထွက်ခွာမည် ဖြစ်ပြီး (၃၁)ရက်တွင် ရန်ကုန်သို့ ပြန်လာမည် ဖြစ်ကာ ခြေစမ်းပွဲကို တောင်ကြီးမြို့တွင် မေလ(၂၉)ရက်၌ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ ပဏာမ လက်ရွေးစင် အသင်း၏ အဆိုပါ စခန်းသွင်း လေ့ကျင့်မှုအတွက် စုစုပေါင်း ငွေကျပ်သိန်း (၂၀၀)၀န်းကျင် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကုန်ကျစရိတ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဖြစ်သူ ကမ္ဘောဇ အသင်းပိုင်ရှင် ဦးအောင်ကိုဝင်းက ကျခံပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်မှု အရ သိရသည်။ ပဏာမ ယူ-၂၃ အသင်းအနေဖြင့် အဆိုပါ ခရီးစဉ်မှ ပြန်လာပြီးနောက် ဇွန်လ(၁၁)ရက်တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မြို့တွင် ကစားမည့် ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲအတွက် ရန်ကုန်မြို့တွင် ဆက်လက်စခန်းသွင်း လေ့ကျင့်သွားမည် ဖြစ်သည်။

0 comments:

Post a Comment