Monday, May 13, 2013

ကမ္ဘာလှည့်ခရီးသွားများ မြန်မာစကားကို သင်ယူမှု များပြားလာ

13/May/2013

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့် ခရီးသွားများသည် မြန်မာဘာသာစကားနှင့် မြန်မာ့ယဉ်ကျေးမှုများကို အထူးစိတ်ဝင်စားနေပြီး မြန်မာဘာသာစကားကို လေ့လာသင်ယူမှု ပိုမိုများပြားလာကြောင်း သိရသည်။ “အခုဒီနှစ်ထဲမှာ မြန်မာဘာသာ လာသင်တဲ့ နိုင်ငံခြားသားတွေ ပိုများလာပါတယ်။ တချို့က စီးပွားရေး လုပ်ငန်းရှင်တွေ၊ တချို့က ကျောင်းသား၊ ကျောင်းသူတွေ ပါတယ်။ အရှေ့တိုင်းသားရော၊ အနောက်တိုင်းသားပါ အားလုံးမြန်မာစာ သင်ကြားတဲ့သူတွေ ပိုများလာပါတယ်” ဟု ရွှေဇီးကွက် အင်္ဂလိပ်စာကျူရှင်မှ ဆရာမ ဒေါ်လီလီက ပြောသည်။ ကိုရီးယားနိုင်ငံသား မစ္စတာဆောင်းဂျီက “ကျွန်တော်က မြန်မာဘာသာစကားကို စိတ်ဝင်စားတယ်။ ကျွန်တော့်အဖေက မြန်မာနိုင်ငံမှာ လုပ်ငန်းတစ်ခု လာလုပ်တယ်။ အဝတ်အစားထုတ်တဲ့ စက်ရုံပေါ့။ ကျွန်တော် ဒီနိုင်ငံမှာနေတုန်း မြန်မာဘာသာ သင်နေပါတယ်။ ဆရာဆီမှာ ကျူရှင်တက်တယ်။ မြန်မာဘာသာကို ဘာလို့ သင်ရတာလဲ ဆိုတော့ စိတ်ဝင်စားလို့၊ မြန်မာတွေအကြောင်း သိချင်လို့ပါ။ မြန်မာဘာသာက တော်တော်ကြီး ခက်ပါတယ်” ဟု ပြောသည်။ မြန်မာဘာသာစကားနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို ကိုရီးယားနိုင်ငံသားများ လေ့လာ သင်ကြားနိုင်ရန် ရန်ကုန်တက္ကသိုလ်တွင် မြန်မာဘာသာစကား သင်တန်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ မြန်မာဘာသာစကားကို စနစ်တကျ သင်ကြားခွင့် ရရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်နှင့် ကိုရီးယားနိုင်ငံ Hankuk တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၁၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment