Thursday, May 9, 2013

သင်္ကြန်အပြီးမှစ၍ ကားဈေးကွက် တဖြည်းဖြည်း အေးလာနေ

Thursday,May09,2013

ရန်ကုန် (မဇ္ဈိမ)။ ။ နှစ်သစ်ကူးပြီးနောက်ပိုင်း ရန်ကုန် ကားဈေးကွက်မှာ ကောလာဟလများ ထွက်ပေါ်မှုနှင့် အတူ ကားဈေးကွက်မှာ တဖြည်းဖြည်း အေးလာနေကြောင်း မော်တော်ကား ရောင်းဝယ်ရေး အသင်း(ဗဟို) ရန်ကုန် မှတဆင့် သိရသည်။

“စိန်ဂျွန်း ကားဝယ်ရောင်းစခန်းက ပြန်ရွှေ့ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်မှုနဲ့အတူ ကားဈေးကွက် အေးပေမယ့် (1.3) 1,300 အင်ဂျင် ဟွန်ဒါဖစ်တွေ၊ ပရိုဘောက်၊ ဟွန်ဒါဖစ်၊ တိုရိုတာ အုပ်စုတွေ အမေးများတယ်။ ထူးသဖြင့် ကျပ်သိန်း ၁၀၀ ဝန်းကျင် ကားလေးတွေကို အကြည့်များကြတယ်။ ဈေးကွက်အေးတဲ့အတွက် ရောင်းချင်တဲ့သူက ပေါက်ဈေးအောက် ကျပ် ၅ သိန်းကနေ၊ ၁၀ သိန်းနီးပါးအထိ လျှော့ရောင်းပေးကြတယ်” ဟု ကမ္ဘာအေးဘုရား လမ်းပေါ်နေ ဝါရင့် ကားပွဲစား ဦသန်းဌေး က ပြောသည်။

မေလ ၈ ရက်နေ့ ကားပေါက်ဈေးများမှာ ဟွန်ဒါဖစ်-(1.3)-1,300 အင်ဂျင် - မော်ဒယ် ၂၀၀၇ ကို ကျပ် ၁၁၀ မှ ၁၁၅ သိန်း၊ တိုရိုတာ(အစ်ဆန်)-မော်ဒယ်-၂၀၀၁ ကို ကျပ်သိန်း ၁၉၀၊ ပရိုဘောက်-မော်ဒယ် ၂၀၀၇ ကို ကျပ် ၁၀၀ မှ ၁၁၀ သိန်းနှင့် GE-6 မော်ဒယ်၂၀၀၇ ကို ကျပ်သိန်း ၁၂၀ ဝန်းကျင် ရှိနေသည်။

“လုပ်ငန်းသုံး လိုက်ထရပ်တွေလည်း အဝယ် ခပ်ပါးပါး ရှိပါတယ်။ နယ် ဝယ်လက်တွေလည်း အေးတယ်။ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး စလစ်ဈေးနှုန်းတွေလည်း အခုရက်တွေမှာ ကျပ် ၁ သိန်း၊ ၂ သိန်းလောက် ဈေးတက်လာပါတယ်။ စလစ်ပေါက်ဈေးက ကျပ် ၈၈ သိန်းလောက် ရှိနေပါတယ်။ ကျောင်းဖွင့်အမီ ဈေးကွက်လှုပ်မလားလို့တော့ စောင့်ကြည့်သူတွေ များပါတယ်” ဟု ကားဝယ်/ရောင်း ဦးကျော်မင်း က ဆိုသည်။

ကား တင်သွင်းမှုနှင့် ပတ်သက်၍ နှစ်စဉ် သင်္ကြန်အပြီး ကာလများတွင် မူဝါဒပိုင်းများကို အသစ် ထုတ်ပြန် တတ်ခြင်း၊ အခွန်နှုန်းထားများ လျှော့ချလာနိုင်ခြင်းကြောင့် ကားဈေး ထပ်ကျလာနိုင်ဖွယ် ခန့်မှန်းချက်များ ထွက်ပေါ်နေ၍လည်း ကားဈေးကွက် အေးနေရကြောင်း ကားဝယ်/ရောင်းများက သုံးသပ်ပြောကြားသည်။


0 comments:

Post a Comment