Friday, May 17, 2013
မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်သွင်းကုန် အတွက်သုံးသည့် နိုင်ငံခြားငွေ ပမာဏထက် နိုင်ငံအနေဖြင့် ပြန်လည်ရရှိသည့် နိုင်ငံခြားငွေ ပမာဏမှာ ပိုမိုများပြားပြီး သွင်းကုန်အတွက် သုံးမည့် နိုင်ငံခြားငွေ ပမာဏအတွက် လုံလောက်စွာ ရှိသည်ဟု ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ယခုလက်ရှိ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၉၃၈ ကျပ်အထိ မြင့်တက်ရသည့် အဓိကအချက်မှာ ဈေးကွက်အတွင်း လတ်တလော လိုအပ်ချက် မြင့်တက်လာမှုကြောင့်သာဖြစ်ပြီး မလုံလောက်၍ ရေရှည်လိုအပ်ချက် မြင့်တက်လာမှုကြောင့် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ လတ်တလော လိုအပ်ချက် မြင့်တက်မှုကြောင့်ဟု ဆိုရာတွင် သွင်းကုန်အတွက် လိုအပ်ချက် မြင့်တက်ခြင်းနှင့် အချို့ဝယ်လှောင်သူများကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ''သွင်းကုန်အတွက် ပြန်သုံးတဲ့ နိုင်ငံခြားငွေ ပမာဏနဲ့ နိုင်ငံကရတဲ့ နိုင်ငံခြားငွေ ပမာဏမှာ ရတဲ့ငွေက ပိုများပါတယ်။ ဒါကြောင့် သွင်းကုန်အတွက်သုံးမယ့် နိုင်ငံခြားငွေ ပမာဏ လုံလောက်ပါတယ်။ လက်ရှိ ငွေလဲနှုန်းမြင့်တာကလည်း ဈေးကွက်ထဲမှာ လတ်တလော လိုအပ်ချက်ကြောင့် ဖြစ်တာပါ။ ရေရှည်လိုအပ်ချက်ကြောင့် တက်တာမဟုတ်ဘူး။ ဗဟိုဘဏ်မှာ ပုဂ္ဂလိကဘဏ်တွေက နိုင်ငံခြားငွေဝယ်တဲ့အား Demand က တစ်ရက်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၅၀ ပမာဏလောက် ရှိပါတယ်။ ဒေါ်လာလဲနှုန်းက ဧပြီလဆန်းပိုင်းမှာ လှုပ်လာတယ်။ သင်္ကြန်အပြီး နောက်ပိုင်းမှာ ထပ်တက်တယ်။ အဲဒါက Import Demand ကြောင့်ဖြစ်သလို ၀ယ်လှောင်တဲ့သူတွေရဲ့ Demand လည်းပါမှာပါ။ ပွိုင့်တစ်ခုကို ရောက်သွားတဲ့အခါ ဈေးကွက်ထဲမှာ ၀ယ်လိုအားလည်း ပုံမှန်ပြန်ဖြစ်သွားမယ်။ ၀ယ်ကိုင်ထားတဲ့ သူတွေကလည်း ၀ယ်လိုအား ပုံမှန် ပြန်ဖြစ်သွားမယ်'' ဟု ပြောကြားခဲ့သည်။
ဒေါ်လာဈေး ထပ်မံမြင့်တက်မည် စိုးသည့်အတွက် အသုံးပြုရမည့်သူများမှ ကြိုတင်ဝယ်ယူမှု များပြားလာကြောင်း ပြင်ပဈေးကွက်မှ သိရသည်။
သိမ်ဖြူငွေလဲကောင်တာတွင် နိုင်ငံခြားငွေ လဲလှယ်ရောင်း/၀ယ်နေ သည်ကို တွေ့ရစဉ်
EMG

0 comments:
Post a Comment