Monday, May 13, 2013

ပလေးဘွိုင်းသန်းနိုင်၏ သီချင်း ၈၀ ပြန်သွင်းပြီး ရေဒီယိုများသို့ အခမဲ့ပေးမည်

Monday, May 13, 2013

တေးသံရှင် ပလေးဘွိုင်းသန်းနိုင်က သူ့ကိုယ်ပိုင်သီချင်း အပုဒ် ၈၀ ကို ရေဒီယို အသံလွှင့် ဌာနများသို့ အခမဲ့ ပေးမည်ဟု ဧရာဝတီသို့ ပြောသည်။

သူအောင်မြင်ခဲ့သော တေးသီချင်း ၈၀ ကို ဇူလိုင်လတွင် စတင်၍ အသစ်ပြန်လည် တီးခတ်သီဆိုကာ FM ရေဒီယိုများသို့ လက်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

“သြဂုတ် ပထမပတ်မှာ သြစတြေးလျကို ပြန်မယ်။ သမီး ကလေးမွေးတာမို့ သွားမှာ။ ပြန်လာရင် ငယ်ငယ်က ဆိုခဲ့တဲ့ သီချင်းတွေကို အခုခေတ် တီးဝိုင်း၊ ခုခေတ် Record နဲ့ ပြန်သွင်းမယ်။ အပြင်ကိုမရောင်းဘူး၊ FM ရေဒီယိုတွေကို လက်ဆောင် ပေးမယ်။ ငယ်ငယ်က အသံတော့ မဟုတ်ဘူးပေါ့၊ အခုအသံနဲ့ပေါ့၊ ငယ်ငယ်က ပစ္စည်း အရမ်းချို့တဲ့တယ်။ စတူဒီယိုရော၊ တီးဝိုင်းရော၊ ချို့တဲ့တယ်။ ရှိတဲ့ပိုက်ဆံနဲ့ လောက်အောင် လုပ်ရတယ်။ အခုခေတ်လို မထွက်နိုင်ဘူး၊ အခုခေတ်ကျတော့ Computerize၊ ဒီဂျစ်တယ် နည်းပညာတွေနဲ့ အကုန်လုပ်လို့ရတယ်။ တခုမကြိုက် တခုဖောက်ပြီး လုပ်လို့ရတော့ အချိန်ကုန်လည်း သက်သာတယ်” ဟု ပလေးဘွိုင်း သန်းနိုင်က ဧရာဝတီသို့ပြောသည်။

အခုခေတ်တီးခတ်နေကြသည့် အတီးသမားများ၊ အသံဖမ်းစနစ်များကို အားရ သဘောကျ၍ ခေတ်ဟောင်းက သီချင်းများကို ပြန်လည် အသက်သွင်းရန် စိတ်ကူးမိခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

“အခုခေတ်က Technology အရမ်းကောင်းတယ်။ တီးတဲ့ ကလေးတွေ လက်သံကလည်း အရမ်းကောင်းတယ်။ လူတော်တွေ အများကြီး၊ အရင်က လူတော်ဆို ၃၊ ၄ ယောက်ပဲ ရှိတာ။ အရမ်းဖွံ့ဖြိုးလာတယ်၊ လေ့လည်း လေ့လာကြတော့ အရမ်းတော် အရမ်းကောင်း လာကြတယ်။ အဲဒီအချိန်မှာ အမှတ်တရ အနေနဲ့ ကလေးတွေလက်သံနဲ့ ပြန်ဆိုတာပေါ့။ ဟိုတုန်းကလို ပြန်ဆိုချင်မှ ဆိုလို့ရမယ်။ ဒါပေမယ့် အခုခေတ် ပုံစံပေါ့။သီချင်း ၆၀ နဲ့ ၈၀ ကြား ဆိုရမှာ၊ ၁၀ ပုဒ်သွင်းလိုက်၊ FM တွေ ပေးလိုက်နဲ့ တနှစ်လောက်တော့ သွင်းလိုက် ပေးလိုက် လုပ်နေမှာပေါ့။ လုပ်ဖို့လည်း ငွေစုနေတယ်။ တီးဝိုင်းနဲ့ စက်ပစ္စည်း အတွက် သိန်းတထောင်လောက် မြုပ်နေတော့ နည်းနည်းပြန်စုရမယ်” ဟု ဦးသန်းနိုင်က ဧရာဝတီ ဆက်ပြောသည်။

ပလေးဘွိုင်း အဖွဲ့ကို 21st Century Playboy Rock Band ဟူ၍ နာမည်အသစ်ပေးထားပြီး လိဒ် စောရန်နိုင်၊ ကျော်မင်း၊ ကီးဘုတ် တင်ဦးသောင်း၊ သိန်းထိုက်အောင်၊ ဘေ့စ် မြတ်မိုး၊ အောင်နိုင်၊ ရဲဖုန်း၊ ဟင်နရီ၊ ဒရမ် ရန်မျိုး၊ စိုင်းသာဌေးတို့ ပါဝင် တီးခတ်နေကြကြောင်း ဦးသန်းနိုင်ထံမှ သိရသည်။

ပလေးဘွိုင်း သန်းနိုင်သည် ၁၁ နှစ်သားအရွယ်ကတည်းက မြန်မာ့အသံတွင် အင်္ဂလိပ်သီချင်းများ စတင်သီဆိုခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် Voice Of America (VOA) အတွက် မြန်မာသီချင်း သီဆိုပေးခဲ့ကြောင်း၊ ၁၉၇၀ ပြည့်နှစ်ခန့်က စတင်သည့် မြန်မာ့ စတီရီယို ခေတ်ဦးတွင် ဂျင်မီဂျက် (လားရှိုးသိန်းအောင်) ၏ သီချင်းများကို သီဆိုခဲ့ပြီး ၎င်းစီးရီးခွေကို ရန်ကုန်မန္တလေး အနှံ့ ကိုယ်တိုင် ဆိုက်ကားဖြင့် လိုက်လံ ရောင်းချခဲ့ကြောင်း၊ ၁၉၇၀ တွင်ပင် ပလေးဘွိုင်းတေးဂီတကို တည်ထောင်ပြီး ညမွှေးပန်း၊ ဒီလိုဒီလိုပါ ဟူသော တေးစီးရီးများ ထွက်ခဲ့ကြောင်း၊ ၁၉၇၄ တွင် လမ်းဆက်လျှောက်မယ် စီးရီး ထွက်ရှိခဲ့ပြီးနောက် ၁၉၉၇ တွင် သြစတြေးလျရှိ National Sound Recording ၌ အသံဖမ်း ပညာရပ်နှင့်ပတ်သက်ပြီး သွားရောက် သင်ယူခဲ့ကြောင်း၊၂၀၁၀ ပြည့်နှစ်တွင် သူငယ်ချင်းများစီးရီး (လူစုံ) ထွက်ရှိခဲ့ကြောင်း ပလေးဘွိုင်းသန်းနိုင်က ပြောပြသည်။

ဧရာဝတီ

0 comments:

Post a Comment