Saturday, May 18, 2013

ဘာစီလိုနာ တိုက်စစ်မှူး ဗီလာကို နှစ်သက်ကြောင်း ဘိုအာ့စ် အရိပ်အမြွက် ဝန်ခံ

Saturday, 18 May 2013 19:44
လာမည့်ရာသီတွင် ဘာစီလိုနာ တိုက်စစ်မှူး ဒေးဗစ်ဗီလာ အတွက် ချဉ်းကပ် ကမ်းလှမ်းမှု ရှိလာနိုင်ကြောင်း သတင်းများကို တော့တင်ဟမ် ဟော့စပါး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က အရိပ်အမြွက် ဝန်ခံ ပြောကြားလိုက်သည်။


စပိန် လက်ရွေးစင် တိုက်စစ်ကစားသမားကို စပါးအသင်းက ချိတ်ဆက်နေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် ပေါ်တူဂီသား မန်နေဂျာက ဗီလာနှင့် ပတ်သက်၍ ချီးကျူးစကား ပြောဆိုခဲ့ခြင်း ဖြစ်သည်။ စပါးသည် ရာသီကုန်တွင် တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူရန် ကြိုးစားနေသလို တက်သစ်စ ခရိုအေးရှား ကစားသမားလေး အန်တီ ရီဘစ်ကိုလည်း ချိတ်ဆက်နေကြောင်း ခန့်မှန်းမှုများ ရှိနေသည်။ သို့သော်လည်း ဘိုအာ့စ်က ရီဘစ်နှင့် ပတ်သက်ပြီး ငြင်းဆန်မှု ပြုလုပ်သွားသည်။ အသက်(၃၁)နှစ်ရှိ ဗီလာသည် ဝှိုက်ဟတ်လိန်း၏ ဖြစ်နိုင်ခြေရှိသည့် ပစ်မှတ်တစ်ခုအဖြစ် သတင်းများက ဖော်ပြနေပြီး ဘိုအာ့စ်က ယခုအခါ ၎င်းနှင့် ပတ်သက်၍ မှတ်ချက်စကား ထုတ်ဖော် ပြောကြားလာခဲ့သည်။



"ကျွန်တော့် အမြင်အရတော့ ဗီလာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ"ဟု ဘိုအာ့စ်က ဆိုသည်။ ၎င်းက "ခုချိန်မှာ ထင်ကြေးတွေကတော့ မျိုးစုံ ရှိနေမှာပဲ။ တချို့ကတော့ သတင်းတွေဟာ လက်တွေ့နဲ့ ကင်းကွာလွန်းတယ်လို့ ပြောကောင်း ပြောကြမယ်။ ဒါပေမဲ့ စပါးဟာ ဈေးကွက်ပိတ်ရက် နောက်ဆုံး သီတင်းပတ်တွေမှာ ပိုပြီးတော့ ထဲထဲဝင်ဝင် လှုပ်ရှားတတ်တဲ့ အသင်းပါ။ အဲဒီအတောအတွင်းမှာ ထင်ကြေးတွေ ပိုပိုပြီး ကြီးမားလာတာကို မြင်နိုင်ပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက ပရီးမီးယားလိဂ် ထိပ်ဆုံး(၄)သင်းမှာ ပါဝင်ရေးပဲ ဖြစ်ပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

ကျွန်တော့် အမြင်အရတော့ ဗီလာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ...
ဘိုအာ့စ်က ရီဘစ်နှင့် ပတ်သက်သည့် မေးခွန်းများကိုမူ "ရီဘစ်လား။ အဲဒီ ကစားသမားနဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်မသိဘူး။ စိတ်မကောင်းပါဘူး။ ဒီသတင်းတွေ ဘယ်က ထွက်ပေါ်လာတယ် ဆိုတာတောင် ကျွန်တော် မသိပါဘူး။ ကစားသမားကို မလေးမစား လုပ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူဟာ ကျွန်တော် စောင့်ကြည့် အကဲခတ်နေတဲ့ သူမျိုးတော့ မဟုတ်ဘူး"ဟု ငြင်းဆန်ဖြေကြားသွားသည်။

0 comments:

Post a Comment