Monday, May 20, 2013

မှားမှာကို ကြောက်ရွံ့နေပါသလား

ကျမ ငယ်ငယ်တုန်းကတည်းက တစ်ခုခုလုပ်ရင်း မှားသွားခဲ့ရင် အဲဒီအမှားကို ဘယ်တော့မှ မမေ့အောင် မှတ်သားထားပြီး နောက်မမှားအောင် သင်ခန်းစာယူရပါတယ်။

ဒီနေ့ဒီအချိန်ထိ ကျမ ဘ၀မှာ အမှားတွေကနေ ကျမ သင်ယူခဲ့ရတာတွေကလည်း အများကြီးပါ။

ဘ၀မှာ လုပ်ငန်းခွင်မှာ လူမှု ဆက်ဆံရေးမှာ မိသားစုရေးမှာ အမှားလေးတွေ မကြာခဏကြုံကြရပါတယ်။

အဲဒီအမှားတွေကနေ သင်ယူရတဲ့ သင်ခန်းစာတွေကတော့ဘယ်ကျောင်း ဘယ်တက္ကသိုလ်ကမှ မပေးလိုက်နိုင်တဲ့ တကယ့်ကို ဘ၀ကနေ ပေးတဲ့ သင်ခန်းစာဆိုတာကို ခုချိန်မှာ ကျမ နားလည်နေပါပြီ။

အဲဒီ သင်ခန်းစာတွေကို တော်တော်များများက ကံဆိုးခြင်းလို့ ထင်မှတ်ကြပါတယ်။အဲဒီလို ထင်မှတ်တာထက် ပိုအသုံးဝင်တာကတော့ အမှားတွေကနေ သင်ယူတာပါပဲ။

ကျမရဲ့ ဖေဖေကလည်း ငယ်စဉ်ကတည်းက သွန်သင်ပေးခဲ့တယ်။
တစ်ခုခုလုပ်ရင်းနဲ့ မှားသွားပြီဆိုတာကို သိရင် ဒါဟာ ကျမအတွက်သင်ယူဖို့ အခွင့်လန်းတစ်ခုလို့ နှလုံးသွင်းခဲ့ရပါတယ်။ မှားတာကို မကြောက်ဖို့နဲ့ မှားတဲ့အခါ အဲဒီအမှားကနေ သင်ယူတတ်ဖို့ ဖေဖေက သင်ယူစေခဲ့တာပါ။

မှားပြီဆိုရင် အဲဒီနေရာမှာ ရပ်ပြီး စဉ်းစားခိုင်းပါတယ်။ စဉ်စားဆင်ခြင်တဲ့အခါမှာ သင်ယူရမဲ့ သင်ခန်းစာကို တွေ့နိုင်တာပါ။ အဲဒီလိုမှ မဟုတ်ဘဲ မှားတဲ့အခါ၊ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့အခါမှာ စိတ်ပျက်တာတွေ၊ ဒေါသ ထွက်တာတွေ၊ ရှက်တာတွေနဲ့ တခြားလူတွေကို အပြစ်တင်နေတာတွေက ကိုယ်ဘာတွေ သင်ယူရမယ်ဆိုတာကို သိစေဖို့အတွက် အနှောက်အယှက်ဖြစ်စေတဲ့ အတွေးဆိုးတွေလို့ သိလာရပါတယ်။

တော်တော်များများက မှားတဲ့အခါမှာ တခြားလူတွေကို အပြစ်တင်လေ့ရှိပြီး အပြစ်တင်နေတာတဲ့ အချိန်ကုန်ပြီး ကိုယ့်ရဲ့ အားနည်းချက်ကို ရှာမတွေ့နိုင် ဖြစ်တတ်ပါတယ်။

တခြားလူတွေကို အပြစ်တင်နေတာတွေ လုပ်နေခြင်းက ကိုယ့်ရဲ့ သင်ယူနိုင်တယ်ဆိုတဲ့ အဆင့်ကို မရောက်အောင် ကန့်သတ်လိုက်တာပဲလို့ နားလည်လာပါတယ်။

တကယ်တော့ တွေ့ရတဲ့ အမှားတွေကနေ ရတဲ့သင်ခန်းစာတွေကို ကြေညက်အောင် သင်ရင်း သင်ရင်းနဲ့ တကယ့်ဘ၀ကို ဖြတ်သန်းရတာဖြစ်တဲ့အတွက် အမှားဆိုတာ ကြောက်စရာမဟုတ်သလို၊ ကံဆိုးခြင်းလို့လည်း ယူဆလို့မရနိုင်ပါဘူး။

အမှားများများတွေ့ရင်း ဘ၀ကိုဖြတ်သန်းရင်ဆိုင်ရတဲ့ သူတွေမှာ အားသာချက်အဖြစ်နဲ့ ရင့်ကျက်သူ အရာရာကို ဖြေရှင်းနိုင်သူ ကြံ့ခိုင်သူ ထက်မြက်သူ ဆိုတဲ့ သာမန်ထက် ပိုတဲ့ အရည်အချင်းတွေလည်း ရရှိနိုင်တဲ့အတွက် မှားမှာကိုတော့ မကြောက်ကြစေလိုပါဘူး။

ကျမအတွက်ကတော့ အမှားတွေကနေ သင်ခန်းစာ ယူနိုင်ရင် ကံဆိုးခြင်းကနေ ကံကောင်းခြင်းကို ပြောင်းလဲနိုင်တာပဲလို့ ယနေ့ထိ ယုံကြည်လက်ခံလာမိပါတယ်။

အမှားတွေနဲ့ သင်ခန်းစာယူစရာတွေဆိုတာကတော့ ရှင်သန်နေသရွေ့ ရှိနေဦးမှာပါပဲ။မှားမှာကို ကြောက်တတ်တဲ့ မိတ်ဆွေအချို့ကို မျှဝေပေးလိုတဲ့အတွက် ဒီ post ကို ရေးဖြစ်တာပါ။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

0 comments:

Post a Comment