Saturday, May 18, 2013

ရပ်နားထားသော ပြည်တွင်းရေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ

မဟာစင်မုန်တိုင်းဒဏ် ခံစားရနိုင်သည့် ဒေသများသို့ ပြေးဆွဲမှု ရပ်နားထားသည့် ပြည်တွင်းရေကြောင်း ရေယာဉ်လိုင်းများကို မေလ ၁၇ ရက်နေ့မှစ၍ ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (စစ်ဆေးရေး) မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးရှိန်းယော က The Voice သို့ ပြောကြားသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ၏ စာရင်းဇယားအရ မေလ ၁၇ ရက်နေ့ ထွက်ခွာမည့် ရေကြောင်းလိုင်းများအားလုံး ပြန်လည်ပြေးဆွဲပေးမည် ဖြစ်ပြီး ပြည်တွင်း ရေကြောင်းမှ ရေယာဉ်များမှာ မုန်တိုင်းကြောင့် အပျက်အစီး မရှိကြောင်း ၄င်းက အတည်ပြု ပြောကြားသည်။

မေလ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက် နေ့တို့တွင် ပြည်တွင်းရေကြောင်း သင်္ဘော များကို ရောက်သည့်နေရာတွင် မုန်တိုင်းခိုရန်နှင့် ယင်းရက်များတွင် ထွက်ခွာမည့် သင်္ဘောများကိုလည်း ယာယီရပ်ဆိုင်းထားရန် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများကို မုန်တိုင်းအန္တရာယ်ရှောင်ရှားရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ၄င်းတို့၏ Website တွင် သတိပေးထားသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး တွင် ဧရာဝတီဌာနခွဲ၊ ချင်းတွင်းဌာနခွဲ၊ ရခိုင်ဌာနခွဲ၊ သံလွင်ဌာနခွဲ၊ ကုန်ပို့ဌာနခွဲ၊ မြစ်ဝကျွန်းပေါ် ဌာနခွဲဟူ၍ ဌာနခွဲ ခြောက်ခု ရှိပြီး စက်ရှိ ရေယာဉ် ၂၃၆ စင်း ၊ စက်မဲ့ရေ ယာဉ် ၁၅၃ စင်း၊ ဆိပ်ခံ ၄၀ စင်း ရှိကြောင်း ယင်းဌာနထံ မှ စုံစမ်းသိရှိရသည်။

0 comments:

Post a Comment