Sunday, May 12, 2013

လခနည်း အငှားအိမ်ရာများ ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောက်မည်

အိမ်ပိုင်မရှိသည့် ဝင်ငွေနည်းသူများအတွက် ငှားရမ်းခအနည်းငယ်ဖြင့် ငှားရမ်းမည့် အိမ်ရာများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန မြို့ပြနှင့် ဒေသစီမံကိန်း ဌာနခွဲမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါ အိမ်ရာများကို မြို့နယ်အလိုက် လိုအပ်ချက်ရှိသော နေရာများ၊ စက်မှုဇုန်များနှင့် နီးသောနေရာများတွင် တည်ဆောက်မည်ဖြစ်ပြီး ပိုင်ရှင်ရှိသော မြေကွက်ပေါ်တွင် မြေပိုင်ရှင်များနှင့် ညှိနှိုင်းကာ ယင်းဌာန၏ အကူအညီဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ဝင်ငွေနည်း လူတန်းစားများ သက်သာစွာ ငှားရမ်းနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။ “ဈေးနည်းနည်းနဲ့ ငှားရင်တော့ ကောင်းတာပေါ့။ အိမ်ငှားခတွေက လည်း အရမ်းဈေးများတော့ တစ်လနဲ့တစ်လ အိမ်ငှားခပြည့်အောင် ရှာရတာနဲ့တင် မစုမိဘူး” ဟု တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက်တွင် အိမ်ငှားရမ်းနေထိုင်သူ ဒေါ်တင်တင်အေးက ဆိုသည်။ အငှားချ အိမ်ရာများနှင့် ပတ်သက်၍ ငှာနတွင်း ဆွေးနွေးလျက်ရှိပြီး ဝင်ငွေနည်းပြီး အိမ်ပိုင်မရှိသူများ၏ နေထိုင်မှု အခက်အခဲကို ဖြေရှင်းပေးရန်အတွက် အမြန်ဆုံး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တော်တွင် အိမ်ငှားရမ်းခများ အလွန်အမင်း မြင့်မားနေပြီး ဆင်ခြေဖုံးနှင့် မြို့သစ်မြို့နယ်များတွင်ပင် အနိမ့်ဆုံး အိမ်ငှားရမ်းခမှာ တစ်လကျပ် ၃၀,၀၀၀ အထက်တွင် ရှိသည်။ ရန်ကုန်မြို့တွင်းနှင့် မြို့ပတ်မြို့နယ်များရှိ အိမ်ငှားရမ်းခမှာ အနိမ့်ဆုံး ကျပ်တစ်သိန်းအထက်တွင် ရှိကြောင်း ၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment