Sunday, May 12, 2013

လက်ကျန်နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးရေး သမ္မတထံ တင်ပြမည်

အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံရေးပြောင်းလဲမှု လုပ်ငန်းစဉ် များတွင် အားလုံးပါဝင်ခွင့် ရရှိရေးအတွက် အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေ သေးသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို လွှတ်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြသွားမည် ဖြစ်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးသူရ(ခေါ်) ဇာဂနာက ပြော ကြားသည်။

ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မေလ ၁၁ ရက်နေ့က ပြုလုပ်သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ၏ တတိယအကြိမ် အစည်းအဝေးအပြီး မီဒီယာ များနှင့် တွေ့ဆုံစဉ် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"လက်ရှိကျွန်တော်တို့ စာရင်းမှာတော့ တစ်ရာကျော်ရှိတယ်။ ဒါပေမဲ့ ကျန်ခဲ့တာတွေ မရှိအောင်လို့ သေချာစိစစ်ပြီးရင် ဆယ်ရက်အတွင်း သမ္မတဆီကို တင်ပါမယ်။ အကယ်၍ စာရင်းမှာကျန်ခဲ့တာ ရှိလို့ ကျွန်တော်တို့ကော်မတီကို အကြောင်းကြားရင် စိစစ်ပြီး တင်ပြပေးပါမယ်" ဟု ၄င်းက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရာတွင် လက်ရှိ အငြင်းပွားနေသည့် ပုဒ်မ ၄၀၁ ကိစ္စကို ပြန်လည်သုံးသပ်ရန်လို အပ်ပြီး ၄၀၁ တွင် ဖော်ပြထားချက်များ သည် လိုသလို အသုံးပြုနိုင်သဖြင့် ပြုပြင်ပြောင်းလဲမှု ကာလတွင် နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ကော်မတီဝင် တစ်ဦး ဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။
"ကျွန်တော် လွတ်လာတုန်းကဆို လည်း ၄၀၁ ထိုးမှလွတ်မယ်ဆို ထောင်ဗူးဝက လှည့်ပြန်မယ်လို့ ပြောခဲ့တယ်။ ပုဒ်မ ၄၀၁ ဆိုတာ ထောင်လွှတ် စာအုပ်ထဲမှာ သူ့ဟာသူ ရေးတာ။ ကျွန်တော်တို့က ဘာသဘော တူညီမှုမှ မလုပ်ခဲ့ဘူး" ဟု ၄င်းကရှင်းပြ သည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများတွင် မူးယစ်ဆေးဝါး ကဲ့သို့သော ရာဇဝတ် မှုများဖြင့် ဆက်နွှယ်ထားပြီး ပြန်လွှတ်ပေးနိုင်ရေးတွင် အခက်အခဲကြုံနေခြင်းမှာ အာဏာပိုင်များက ယင်းကဲ့သို့ ဖန်တီးထား ခြင်းဖြစ်ပြီး အမှန်တကယ်တွင် နိုင်ငံရေး အကျဉ်းသားသာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းကပြောကြားသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း အသီးသီးမှ လူပုဂ္ဂိုလ် ၁၉ ဦးဖြင့် ဖွဲ့စည်းထားသည်။

0 comments:

Post a Comment