Monday, May 13, 2013

အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် နိုင်ငံတကာ သရက်သီးပြပွဲသို့ မြန်မာသရက်များ ဝင်ရောက်ပြသမည်

13/May/2013

အမေရိကန်နိုင်ငံတွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည့် ၂၁ ကြိမ်မြောက် နိုင်ငံတကာ သရက်သီးပွဲတော် ပြပွဲသို့ မြန်မာနိုင်ငံမှ သရက်သီးများကို ဝင်ရောက်ပြသသွားမည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံမှ သရက်မျိုးများဖြစ်သည့် စိန်တစ်လုံး၊ ရွှေဟင်္သာ၊ မြကျောက်၊ ပတ္တမြားငမောက်နှင့် ရင်ကွဲများကို ခင်းကျင်း ပြသသွားမည် ဖြစ်သည်။ “ပြပွဲမှာ သရက်သီး အမျိုးအစား ငါးမျိုးယူသွားပြီး ပြသမှာပါ။ တခြား export အလားအလာရှိတဲ့ သရက်သီးတွေကိုလည်း ပြပွဲမှာ Presentation လုပ်သွားဖို့ ရှိပါတယ်။ ဒီပြပွဲက တစ်ဆင့် ဈေးကွက် ချဲ့ထွင်နိုင်မှာပါ။ အမေရိကန်လို ဈေးကွက်မျိုးကို တစ်ခါမှ မပို့ဖူးတော့ သူတို့ဘက်က သတ်မှတ်ချက်တွေ များမယ်လို့ ထင်ပါတယ်။ ပို့ချင်တဲ့သူတွေ အနေနဲ့ကတော့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ရမှာပါ။ တခြား ပြည်ပနိုင်ငံတွေကလည်း သူတို့ဆီကထွက်တဲ့ သရက်အမျိုးအစားတွေကို လာရောက် ပြသမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ကတော့ ငါးဦး တက်ရောက်မှာပါ” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောပြခဲ့သည်။ ပြပွဲသို့ အဓိကအားဖြင့် ရှမ်းပြည်နယ်၊ ရပ်စောက်ဘက်မှ ထွက်ရှိသည့် သရက်များကို ပြသသွားမည်ဖြစ်ပြီး ပြသမည့် သရက်သီး နမူနာများကို တန်ဝက် (သို့မဟုတ်) အလုံး ၃၀၀ ယူသွားမည်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment