Tuesday, April 23, 2013

ရွှေ သဘာဝဓာတ်ငွေ့ ဆန္ဒပြမှုသူ အာမခံဖြင့် ပြန်လည် လွှတ်ပေး

ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြမှုတွင် ခေါင်းဆောင်ဟု ယူဆရသော ဒေသခံ ခြောက်ဦးကို သက်ဆိုင်ရာက ဖမ်းဆီး ထိန်းသိမ်းပြီးနောက် အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း မဒေးကျွန်းရွာမမှ ဒေသခံ ဦးထွန်းကြည် က ပြောသည်။
"ရဲစခန်းက ဒီဆန္ဒပြပွဲကို ဘယ်သူ ထောက်ပံ့တာလဲ။ ပိုက်ဆံတွေ ဘယ်က ရတာလဲ လို့ မေးပြီး ပြန်လွှတ်တယ်။ သူတို့က ၁၀ ဦး ဖမ်းမယ်လို့ အကြောင်းကြားထားတယ်။ အခု ခြောက်ဦးကို စစ်ဆေး ပြီးသွားပြီ"ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ စစ်ဆေး မေးမြန်းခံရသော ဒေသခံ ခြောက်ဦးမှာ မဒေးကျွန်း၊ ကျောက်တန်း ကျေးရွာမှ သုံးဦး၊ ပြိန်ရွာမှ သုံးဦးတို့ ဖြစ်သည်။
ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် နစ်နာ ဆုံးရှုံးခဲ့မှုကို ပြန်လည် လုပ်ဆောင်ပေးရန် အချက် ကိုးချက်ဖြင့် ဒေသခံ မဒေးကျွန်းမှ ရွာသူ၊ ရွာသား ၅၀၀ ခန့်က ဧပြီ ၁၈ ရက် နံနက်ပိုင်းမှစပြီး စီမံကိန်း အကောင်အထည် ဖော်နေသော China National Petroleum Cooperation (CNPC) ကို ဆန္ဒပြ တောင်းဆိုခဲ့သည်။ ဆန္ဒပြရန် ဦးဆောင်သူများက သက်ဆိုင်ရာ ဌာနများသို့ ခွင့်ပြုချက် တောင်းသော်လည်း ခွင့် မပြုသဖြင့် ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

0 comments:

Post a Comment