လာမယ့် ဧပြီ ၂၆ ရက်မှာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေ ပြန်လည် စတင်ပြီပဲဖြစ်ပါတယ်။ သင်္ကြန်မတိုင်မီမှာ ကမ္ဘောဇအသင်း က ဇေယျာရွှေမြေ အသင်း ကို တစ်မှတ်အသာနဲ့ အမှတ်ပေးဇယား ကို ဦးဆောင် ထားနိုင်ခဲ့ပါတယ်။
လာမယ့် ပွဲစဉ် ၉ မှာ စိတ်ဝင်စားဖို့ အကောင်းဆုံးပွဲတစ်ပွဲရှိပါတယ်။
အဲဒီပွဲက အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ကမ္ဘောဇနဲ့ ဇေယျာရွှေမြေတို့
ထိပ်တိုက်တွေ့ဆုံ တဲ့ ပွဲပဲဖြစ်ပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာ
နိုင်တဲ့ အသင်းက ဇယားထိပ်ကို တက်ရောက်ခွင့်ရမှာပါ။ ကမ္ဘောဇနဲ့
ဇေယျာရွှေမြေတို့ ပွဲကြပ်နေတဲ့အချိန်မှာ အမှတ်ပေးဇယား တတိယနဲ့ စတုထ္ထနေရာက
မကွေးနဲ့ ရန်ကုန်တို့က ပွဲချောင်တယ်လို့ ဆိုနိုင်ပါတယ်။ မကွေးက
ရခိုင်ယူနိုက်တက်နဲ့ ကစားရမှာဖြစ်သလို ရန်ကုန်ကလည်း ဆောက်သမ်းနဲ့
ကစားရမှာပါ။ ကမ္ဘောဇနဲ့ ဇေယျာ ရွှေမြေ ပွဲအပြင် အကြိတ်အနယ်ရှိမယ့်
ပွဲကောင်းနှစ်ပွဲ ရှိပါသေးတယ်။ ဒီပွဲတွေက နေပြည်တော်-ရတနာပုံ၊
ဟံသာဝတီ-မနောမြေတို့ ပွဲတွေပဲဖြစ်ပါတယ်။ ဒီအသင်းတွေက တစ်သင်းနဲ့တစ်သင်း
သိပ်ကွာဟမှု မရှိတဲ့အတွက် အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတွေ ဖြစ်လာဦးမှာပါ။
ထုံးစံအတိုင်း ပွဲစဉ် ၉ အားလုံးအပြီးမှာတော့ ကမ္ဘောဇအသင်းကပဲ
ဆက်လက်ဦးဆောင်နိုင်မလား၊ ဇေယျာရွှေမြေ ကပဲ အမှတ်ပေးဇယား ထိပ်ဆုံးကို
ပြန်တက်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။
၂၆-၄-၂၀၁၃ ဧရာဝတီ - ဇွဲကပင် ညနေ ၄း၀၀ (အောင်ဆန်း)
ဧရာဝတီအသင်းက AFC Cup မှာ ရလဒ်တွေ ဆိုးရွားနေပေမယ့် လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲတစ်ပွဲသာရှိထားပြီး ရလဒ်တွေ ကောင်းနေတဲ့အသင်းပါ။ လိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ AFC Cup နောက်ဆုံးပွဲ ဗီယက်နမ်ကလပ် ဒါနမ်နဲ့ပွဲမှာ ဧရာဝတီကစားသမားတွေ ပွဲချိန်ပြည့် ကြံ့ခိုင်မှု မပြည့်တာကို တွေ့ရပါတယ်။ ဇွဲကပင်အသင်းက ပြီးခဲ့တဲ့နှစ်တွေကထက်စာရင် အသင်းကစားပုံ အနည်းငယ်တက်လာပေမယ့် စုဖွဲ့မှုအကောင်းဆုံးပုံစံမှာတော့ မရှိသေးပါဘူး။ ဒီနှစ်သင်း နောက်ဆုံး သုံးကြိမ် တွေ့ဆုံမှုမှာ ဧရာဝတီက နှစ်ကြိမ် အနိုင်ရထားပြီး တစ်ကြိမ် သရေကျထားပါတယ်။ ဇွဲကပင်အသင်းအနေနဲ့ ဧရာဝတီအသင်းကစားသမားတွေရဲ့ ဒုတိယပိုင်း ကြံ့ခိုင်မှုကျဆင်းတာကို အခွင့်အကောင်းယူနိုင်မယ်ဆိုရင် သရေတော့ ရနိုင်ပါသေးတယ်။
၂၇-၄-၂၀၁၃ ကမ္ဘောဇ - ဇေယျာရွှေမြေ ညနေ ၄း၀၀ (တောင်ကြီး) Channel 7 Live
အမှတ်ပေးဇယား ပထမနဲ့ ဒုတိယနေရာက အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုက အကြိတ်အနယ် ရှိမှာ သေချာပါတယ်။ ကမ္ဘောဇကလည်း ဇေယျာရွှေမြေကို အိမ်ကွင်းမှာ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်အောင် ကြိုးစားမှာဖြစ်သလို ဇေယျာရွှေမြေကလည်း ကမ္ဘောဇကို အနိုင်ယူပြီး ဇယားထိပ်ကို ပြန်တက်နိုင်အောင် ကြိုးစားမှာဖြစ်ပါတယ်။ နူးနက်စ်၊ ဟန်ဆန်၊ စိုးမင်းဦးတို့လို ပွဲအဆုံးအဖြတ်ကစားသမားတွေ ရှိတဲ့ ကမ္ဘောဇအသင်းက လက်ရှိအချိန်မှာ ဇေယျာရွှေမြေအသင်းထက် ပိုပြီး အသင်းလိုက်စုစည်းမှု ကစားအား ပိုကောင်းနေပါတယ်။ ဇေယျာရွှေမြေအသင်းက ပြီးခဲ့ တဲ့ ပွဲစဉ် ၈ မှာ အိမ်ရှင်နေပြည်တော်အသင်းနဲ့ သရေကျထားလို့ နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ အိမ်ရှင်ကမ္ဘောဇတို့ အနည်းဆုံး သရေနဲ့ အနိုင်ကစားသွားမှာပါ။
၂၇-၄-၂၀၁၃ နေပြည်တော် - ရတနာပုံ ည ၆း၀၀ (နေပြည်တော်)
နေပြည်တော်အသင်းက ယခုနှစ်ရာသီ အိမ်ကွင်းလေးပွဲ လက်ခံကစားပြီးချိန်မှာ နှစ်ပွဲသရေ၊ နှစ်ပွဲ နိုင် အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ရရှိထားတဲ့ အသင်းတစ်သင်းပါ။ ဒါ့အပြင် အသစ်ခေါ်ယူထားတဲ့ နေပြည် တော် အသင်းတိုက်စစ်မှူး အီမန်နျူရယ်ကလည်း နေပြည်တော်အသင်းမှာ အထူးခြေစွမ်းပြ ကစားနေပါတယ်။ ရတနာပုံအသင်းက ရာသီအစ ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားနေပြီး ၈ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ နှစ်ပွဲသာ ရရှိထားတဲ့ အပြင် နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း ဆောက်သမ်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး သုံးကြိမ် တွေ့ဆုံမှုမှာ တစ်သင်းစီက တစ်ကြိမ်စီ အနိုင်ရထားပြီး တစ်ကြိမ် သရေကျထားပါတယ်။ အိမ်ရှင်နေပြည်တော်က နိုင်ခြေပိုမိုအားသာပေမယ့် ရတနာပုံအသင်းရဲ့ ရုန်းအားကြောင့် အမှတ်ခွဲပေးရနိုင်ပါတယ်။
၂၈-၄-၂၀၁၃ ဟံသာဝတီ - မနောမြေ ညနေ ၄း၀၀ (သုဏ္ဏ)
ဟံသာဝတီအသင်းက ရှစ်ပွဲ ကစားပြီးချိန်မှာ တစ်ပွဲသာ အနိုင်ရထားပြီး ပေးဂိုးကလည်း ၁၅ ဂိုးထိ ပေးထားရပါတယ်။ အသစ်ခေါ်ယူထားတဲ့ မကွေးတိုက်စစ်မှူးဟောင်း အဘိုလာဂျီကလည်း အသင်း နဲ့ သိပ်အထိုင်မကျသေးပါဘူး။ မနောမြေအသင်းအသင်းကလည်း ဟံသာဝတီအသင်းလို နိုင်ပွဲ တစ်ပွဲသာ ရထားပေမယ့် အသင်းအခက်အခဲဖြစ်နေတဲ့အချိန်မှာ ဂိုးတွေ သွင်းယူပေးတတ်တဲ့ အဆာ လေ၊ ကမ်ဘူးလ်တို့လို ကစားသမားမျိုးတွေ ရှိပါတယ်။ တစ်သင်းနဲ့ တစ်သင်း ကွာဟမှု သိပ်မရှိသလို နောက်ဆုံး သုံးကြိမ် တွေ့ဆုံမှုမှာလည်း သုံးကြိမ်စလုံး သရေကျထားပါတယ်။ ဒီတစ်ကြိမ်မှာ လည်း အကြိတ်အနယ် ကစားရင်း သရေကျသွားဦးမှာပါ။
၂၈-၄-၂၀၁၃ ရခိုင်ယူနိုက်တက် - မကွေး ညနေ ၄း၀၀ (အောင်ဆန်း) Channel 7 Live
ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ရခိုင်ယူနိုက်တက်အသင်းက ပီနာ၊ ဘန်ဆန်၊ ဘလာမို စတဲ့ နိုင်ငံခြားကစားသမားသုံးဦး ပြန်လည် ခေါ်ယူထားပြီး မကွေးနဲ့ကစားမယ့် ပွဲမှာ ပါဝင်ကစားနိုင်မှာပါ။ မကွေးအသင်းက လက်ရှိအချိန် မြန်မာနေရှင်နယ်လိဂ် အသင်းတွေထဲ မှာ ခြေစွမ်းအတည်ငြိမ်ဆုံး အသင်း တစ်သင်းဖြစ်သလို ၈ ပွဲကစားပြီးချိန်ထိ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းတစ် သင်းပါ။ တန်းဆင်းဇုန်ထဲရောက်နေတဲ့ ရခိုင်ယူနိုက်တက်အသင်းရဲ့ ရုန်းအားကြောင့် မကွေးတို့ အနည်းငယ် ရုန်းကန်ရနိုင်ပေမယ့် အကြိတ်အနယ်ကစားပြီး မကွေးအသင်းပဲ အနိုင်ရရှိသွားမှာပါ။
၂၈-၄-၂၀၁၃ ရန်ကုန် - ဆောက်သမ်း ညနေ ၃း၃၀ (YUSC)
AFC Cup ပြိုင်ပွဲမှာလည်း ရလဒ်တွေ ကောင်းနေတဲ့ ရန်ကုန်တို့ ဇယားထိပ်က ကမ္ဘောဇ၊ ဇေယျာရွှေမြေ တို့နဲ့ အမှတ်ကွာဟမှု ကျဉ်းမြောင်းအောင် ဆောက်သမ်းနဲ့ပွဲကို အထူးအာရုံစိုက်ကစားမှာပါ။ တိုက်စစ်မှူးကျော်ကိုကို၊ ကြည်လင်းတို့လည်း ဒဏ်ရာက ပြန်လည်သက်သာလာပြီဖြစ်လို့ ရန်ကုန်အသင်းရဲ့ လူစာရင်း ပိုမိုတောင့်တင်းနေပါတယ်။ ဆောက်သမ်းကလည်း ဒီရာသီမှာ ခြေစွမ်းကောင်း မွန်နေတဲ့အပြင် ကမ္ဘောဇ၊ ရတနာပုံတို့လို အသင်းမျိုးတောင် အနိုင်ကစားထားနိုင်တဲ့ အသင်းတစ်သင်းပါ။ ဒါကြောင့် ရန်ကုန်အနေနဲ့ ဆောက်သမ်းအသင်းကို လျော့တွက်မယ်ဆိုရင် ခံစားသွားနိုင် ပါ
တယ်။ မြက်ခင်းတုကွင်းမှာ ကစားရမှာဖြစ်တာကြောင့် အိမ်ရှင် ရန်ကုန်တို့ အနိုင်ရဖို့များပေမယ့် ဂိုးတော့ မများနိုင်ပါဘူး။
ပွဲစဉ် ၉ ပွဲစဉ်များ

ပွဲစဉ် ၈ ရလဒ်များ
ရတနာပုံ ၀ - ၁ ဆောက်သမ်း
ကမ္ဘောဇ ၁ - ၀ ဇွဲကပင်
မကွေး ၂ - ၂ ရန်ကုန်
ဧရာဝတီ ၄ - ၃ ဟံသာဝတီ
နေပြည်တော် ၁ - ၁ ဇေယျာရွှေမြေ
မနောမြေ ၂ - ၂ ရခိုင်ယူနိုက်တက်

0 comments:
Post a Comment