Tuesday, April 9, 2013

သင်္ကြန်မဏ္ဍပ်များ လုံခြုံရေး နှစ်ဆတိုးမြှင့် ငှားရမ်းမည်

ယခုနှစ် ရန်ကုန်သင်္ကြန် ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် လုံခြုံရေး အင်အားကို နှစ်ဆနီးပါး တိုးချဲ့ငှားရမ်း ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် မဏ္ဍပ်ဆောက်လုပ် သူများထံမှ သတင်း ရရှိသည်။ ယခုနှစ်တွင် ရန်ကုန်သင်္ကြန် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေကြောင်း ကြေညာပြီး နောက်ပိုင်းတွင် ဆက်တိုက ဖြစ်ပေါ်ခဲ့သော နိုင်ငံတစ်ဝန်း ဆူပူအကြမ်းဖက်မှု များကြောင့် သင်္ကြန်ကာလ ရေကစားမည့် သူအချို့နှင့် အုပ်ထိန်းသူ လူကြီးမိဘများက လုံခြုံရေး အခြေအနေကို စိုးရိမ်နေကြသည်။ ယင်းကဲ့သို့ စိုးရိမ်မှုများထွက်ပေါ်နေခြင်းအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မဏ္ဍပ်ဆောက်လုပ် သူများက ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ရှိသည့် အနက် ပုံမှန် အခြေအနေတွင် တပ်ဖွဲ့အင်အား ၂၀၀၀ ဖြင့် အဆင်ပြေ သော်လည်း လက်ရှိ အနေအထားအရ အင်အား ၄၀၀၀ နီးပါး တိုးချဲ့ချထားပြီး နေ့ ည၊ ကင်းလှည့်စစ်ဆေး တာဝန်ယူ နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ပြောသည်။ “သင်္ကြန်တွင်းမှာ လက်ရှိ ရဲတပ်ဖွဲ့ အင်အားရဲ့ထက်ဝက်ကျော် ၄၀၀၀ လောက်နဲ့ သင်္ကြန်ပွဲတော်ကို လုံခြုံရေးယူ သွားမှာ ဖြစ်ပါတယ်။ သင်္ကြန်ကာလလည်း နီးတယ်။ လက်ရှိလည်း အရေးပေါ်ကာလ သတ်မှတ်တဲ့ အတွက် လုံခြုံရေးကို အခုတည်းက နေ့ညဖိဖိ စီးစီးနဲ့ ဆောင်ရွက် နေပါတယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် ယခုနှစ်သင်္ကြန် မဏ္ဍပ်ကြီး ဆောက်လုပ် သူများမှာ မိမိတို့ မဏ္ဍပ်တွင် လာရောက် ရေကစားသူများ လုံခြုံစိတ်ချ ရစေရန် ကိုယ်ပိုင် အစီအစဉ်ဖြင့် လုံခြုံရေး ၀န်ထမ်း အယောက် ငါးဆယ်ကျော် ငှားရမ်းအသုံးပြုမည် ဖြစ်ကြောင်း သတင်းရရှိသည်။ “ကျွန်တော်တို့ မဏ္ဍပ်မှာ လုံခြုံရေး အင်အားကို အမျိုးသမီး အမျိုးသား အင်အား ၅၀ ကျော် ငှားရမ်း ထားပါတယ်။ မဏ္ဍပ် စဆောက်ပြီ ဆိုတာနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့တွေ ကိုလည်း အကူအညီ တောင်းမှာပါ။ နယ်မြေခံ ရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားမှု အတိုင်း လုံခြုံရေးကို အထူးဂရုစိုက်မှာပါ” ဟု The Captain မဏ္ဍပ်မှ တာဝန်ခံ တစ်ဦးက ပြောသည်။
ကမ္ဘာအေး ဘုရားလမ်း၊ ဆီဒိုးနား ဟိုတယ်အနီးတွင် တည်ဆောက်မည့် မဏ္ဍပ်မှ တာဝန်ခံ တစ်ဦးကလည်း လုံခြုံရေးအင်အားကို ၅၅ ဦး ငှားရမ်း အသုံးပြုမည် ဖြစ်ပြီး စီစီတီဗီ ကင်မရာများလည်း တပ်ဆင်ထား မည်ဖြစ်ရာ လုံခြုံရေးအတွက် စိုးရိမ်စရာ မရှိကြောင်း ပြောသည်။ “နှစ်တိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေးအင်အား ဒီလောက်များ များငှားတာတော့ မကြားမိသေးဘူး။ ဒီနှစ်မှ တိုးငှားတာ”ဟု အဆိုပါမဏ္ဍပ်တွင်ဖျော်ဖြေရေး တာ ၀န်ယူထားသူ ရန်ရန်ချန်းက ပြောသည်။ “ကျွန်တော်တို့ တာဝန်က ပရိသတ်ကိုဖျော်ဖြေဖို့။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ပရိသတ်နဲ့အတူ ရင်ဆိုင်ရမှာပေါ့။ ဒီနှစ်ရန်ကုန်ကို စည်အောင်လုပ်မယ်ဆိုတော့ ကျွန် တော်တို့လည်း ၀ိုင်းဝန်းရမှာပဲ” ဟု Snare အဖွဲ့မှ ဖြိုးလေးက ပြောသည်။ လုံခြုံရေး အခြေအနေကို အထူးဂရုစိုက် လုပ်ဆောင်သော် လည်း ပြည်တွင်းလုံခြုံရေး ၀န်ဆောင်မှုကုမ္ပဏီများမှာ ၀န်ထမ်း အင်အား မလုံလောက်ခြင်းကြောင့် မဏ္ဍပ်များတွင် တပ်ဆင်ထားမည့် စီစီတီဗီကင်မရာဝန်ဆောင်မှုကို ပိုမိုပြုလုပ်ပေးနေရကြောင်း လုံခြုံ ရေးဝန်ဆောင်မှုကုမ္ပဏီများက ပြောသည်။
 “ဒီနှစ်မှာ လုံခြုံရေး အင်အားကို လူအင်အားထက် စီစီတီဗီကို ပိုလုပ်ပေးဖြစ်ပါတယ်။ လူအင်အားတိုးငှားတာကို ငှားသလောက် လူမပေးနိုင်တာမျိုး ဖြစ် နေတယ်” ဟု Winning လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာဒေါ်စုစုလှိုင်က ပြောသည်။ နှစ်စဉ်နှစ်တိုင်း ရေကစား မဏ္ဍပ်များ၏ လုံခြုံရေးနှင့် မှုခင်းများ မဖြစ်ပွားရန် ကြိုတင်ကာ ကွယ်နိုင်ရန် အကူတပ်ခွဲများ၊ အထူးတပ်ဖွဲ့များဖြင့်လုပ်ကိုင်နေပြီး ရုန်းရင်းဆန်ခတ်မှုများ၊ အဓိကရုဏ်းများဖြစ်ပွားလာပါကရဲမှူးများဦးစီးသည့် အကူတပ်ခွဲများ အသင့်ပြင်ဆင်ထားကြောင်း ရဲမှူးမြင့်ထွေးက ပြောသည်။ “အင်အား ငါးဆယ်ပါ တပ်ခွဲတွေကို တိုင်းအလိုက်၊ ခရိုင်အလိုက်ဖွဲ့ထားပါတယ်။ အဓိကရုဏ်းအပါအ၀င် တစ်ခုခုဆိုတာနဲ့ အချိန်မရွေး ချက်ချင်းရောက်လာ မှာပါ”ဟု ၎င်းကပြောသည်။

0 comments:

Post a Comment