Tuesday, April 9, 2013

ဒေသခံများနှင့်ပေါင်း၍ သစ်ခိုးထုတ်သည့် သစ်တောဝန်ထမ်းများကို အရေးယူ

ပုပ္ပါးတောင်တွင် ဒေသခံ များနှင့် ပေါင်း၍ သစ်ခိုးထုတ်သည့် သစ်တော ၀န်ထမ်း  လေးဦးကို အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။ ပုပ္ပါးတောင်တွင် သစ်ပင် များခုတ်လှဲမှု ဖြစ်စဉ်၌ ပါဝင်ခဲ့သည့် ဥယျာဉ်ဝန်ထမ်း တောအုပ်နှစ်ဦး၊ တောင်ခေါင်း တစ်ဦးနှင့် ဦးစီးအရာရှိ (ယာယီ အုပ်ချုပ်ရေးမှူး) တစ်ဦးတို့ကို အရေးယူမှု ပြုလုပ်ခဲ့ ရာ တောအုပ်တစ်ဦးနှင့် တောခေါင်း တစ်ဦးတို့ ရာထူးတစ် ဆင့်လျှော့ချ၍ နယ်ပြောင်းရွေ့ပြီး ဦးစီးအရာရှိအား စီမံအုပ်ချုပ်မှု အားနည်းသဖြင့် သတိပေး၍ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနသို့ ပြောင်းရွှေ့ခဲ့ကြောင်း ယင်းဌာနမှ ညွှန်ကြား ရေးမှူးချုပ်က ပြောသည်။
ပုပ္ပါးတောင်ပေါ်ရှိ သစ်ပင်များကို အထက်ပါ သစ်တောဝန် ထမ်းများက ဒေသခံအချို့နှင့် ပေါင်း၍ သစ်ခိုးထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ မြန်မာနိုင်ငံတွင် နယ်စပ်မှ တစ်ဆင့်တစ်ဖက် နိုင်ငံများသို့ သစ်များ တရားမ၀င် ခိုးထုတ်မှုများ ဖြစ်ပွားနေပြီး ဖမ်းဆီးမှုများ လည်းရှိနေကြောင်း သစ်များတရားမ၀င် ခိုးထုတ်မှုတွင် ၀န်ထမ်းများ ပါဝင် ပတ်သတ်နေသည့် အတွက် ယင်းတို့ကို ထိရောက်စွာ အရေးယူမှု ပြုလုပ်သင့်သည်ဟု သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ဆိုသည်။
“သစ်ခိုး ထုတ်မှုတွေက အရမ်းဆိုးတယ်။ တရားဝင်ကော တရားမ၀င်ကော ပါဝင်တဲ့ သစ်တော ၀န်ထမ်းတွေကို ရာထူးလျှော့ရုံဆို အရေးယူမှုက အားနည်းတယ်။ ပြတ်ပြတ် သားသား အရေးယူဖို့လိုတယ်”ဟု ဦးအုန်းက ပြောသည်။ သစ်များ တရားမ၀င် ခိုးထုတ်မှုသည် မကြာခဏ ဖြစ်ပွားလျက်ရှိပြီး မတ်လအတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌ တရားမ၀င် သစ်နှင့် သစ်ခွဲသားများ ဖမ်းဆီး ရမှုခြောက်ကြိမ် ရှိခဲ့သည်။
လက်ရှိတွင် ပုပ္ပါးတောင်၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၏ အစီအစဉ်ဖြင့် ဥယျာဉ် ဧရိယာပြုစု ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ပုပ္ပါးတောင် ဥယျာဉ်တွင် အမာခံ ထိန်းသိမ်းရေး နယ်မြေ ၃၁၇၆၃ ဧကရှိပြီး ပုပ္ပါးတောင် ကြိုးပြင် ကာကွယ်တော (ကြားခံနယ်မြေ) ၁၁၇၄၂ ဧကရှိပြီး စုစုပေါင်းဧက ၄၃၅၀၅ ဧကဖြင့် ဖွဲ့စည်းထားသည်။ ၂၀၀၈ မတ်လ ၁၃ ရက်တွင် ကြိုးပြင်ကာကွယ် တော ၁၁၇၄၂ ဧက သတ်မှတ်ပြီးနောက်ပိုင်း အသစ်ထပ်မံ တိုးချဲ့ဆောင်ရွက်ခြင်းမျိုး လုံးဝမရှိကြောင်း အထက်ပါ ညွှန်ကြားရေးမှူး ချုပ်က ပြောသည်။

0 comments:

Post a Comment