Tuesday, April 9, 2013

ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခမဖြစ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆို

ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မြန်မာတပ်ဖွဲ့ ၀င်များ ထိုင်း-မြန်မာ နယ်စပ်တွင် တိုက်ပွဲဖြစ်ခဲ့ သည်ဟု မီဒီယာ အချို့တွင် ဖော်ပြထား ချက်များ မှားယွင်းနေကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဆူရာပွန် တိုဝီချတ်ချိုင်းကူ က ယနေ့ပြောသည်။ ယင်းသည် မြန်မာ အာဏာပိုင်တို့ နားလည်မှု လွဲမှားခြင်း ဖြစ်ကြောင်း သူက ထပ်လောင်း ပြောကြားသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ တောမီးလောင်သည့် နယ်မြေတစ်ခု တွင်းသို့ ရောက်သွားကြသည့် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦးသည် တောထဲတွင် လမ်းပျောက်ပြီး ဆက်သွယ်ရေး ရေဒီယိုစက်ဖြင့် ဆက်သွယ်ခဲ့ကြောင်း မစ္စတာ ဆူရာပွန်ကပြောသည်။ တောမီးလောင် သည့်အခါ မီးလောင်ပေါက်ကွဲသည့်အသံများသည် သေနပ်ပစ်ခတ်သံများနှင့်တူသဖြင့်၊ မြန်မာတပ်ဖွဲ့ဝင်များ ဆက်သွယ်ရေးစက်မှ အကူအညီတောင်းခံသည့်အခါ ကြားရသည့်နောက်ခံအသံများ ကို သေနပ်ပစ်သံများ ဟု တစ်ဖက်မှယူဆမိသွားပြီး၊ အဆက်အသွယ်ပြတ်သွားသည့်အခါ တိုက်ပွဲတွင် ကျဆုံးကုန်ကြပြီဟု နားလည်မှုလွဲမှားသွားခြင်းဖြစ်ကြောင်းသူက ရှင်းလင်းပြောကြားသည်။
သတင်းရင်းမြစ်အချို့ကို ကိုးကား၍ ပြည်တွင်းမီဒီယာအချို့တွင်လည်း မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့အနီးတွင် အသတ်ခံရသည်ဟု ဖော်ပြခဲ့ကြသည်။ ထိုင်း-မြန်မာနယ်စပ် ရွာတစ်ရွာတွင် ယမန်နေ့က မြန်မာတပ်ဖွဲ့များ နှင့် မည်သည့် အဖွဲ့အစည်းမှန်း မသိရသော လက်နက်ကိုင်တပ်ဖွဲ့ များအပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြန်မာတပ်သား ၁၃ ဦးသေဆုံး၍ နှစ်ဦးမှာ ပျောက်ဆုံးလျက် ရှိကြောင်းပင် အဆိုပါ သတင်းရင်းမြစ် အချို့က ဖော်ပြခဲ့ကြကြောင်း သိရသည်။

0 comments:

Post a Comment