AFC
Cup ပြိုင်ပွဲ အုပ်စုပွဲစဉ်တွေရဲ့ အုပ်စု နောက်ဆုံးပွဲစဉ်တွေကို
ယခုတစ်ပတ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်က ကလပ်(၂)သင်း
ဝင်ရောက် ယှဉ်ပြိုင်နေရာမှာ (၂)သင်းစလုံး နောက်တစ်ဆင့် အတွက် အဖြေပေါ်ပြီး
ဖြစ်ပါတယ်။ ရန်ကုန်က နောက်တစ်ဆင့်ကို တက်ရောက် နိုင်ခဲ့ပြီ ဖြစ်ပေမယ့်
ဧရာဝတီကတော့ ရန်ကုန်နဲ့ ဆန့်ကျင်ဘက် အနေအထားနဲ့ အုပ်စုက ထွက်ခဲ့ရပါပြီ။
လက်ရှိမှာ ရလဒ်တွေ ဘယ်လိုပဲ ဖြစ်နေပေမယ့် အုပ်စုနောက်ဆုံးပွဲ ဖြစ်တာမို့
ဂုဏ်သိက္ခာအရ ရလဒ်ကောင်းဖို့ အားစိုက်လာမယ်လို့ မျှော်လင့်ရပါတယ်။
ကီလန်တန် - ဧရာဝတီ ယူနိုက်တက်
ထိပ်တိုက် တွေ့ဆုံမှု = ဧရာဝတီ ၃-၁ ကီလန်တန်၊ ကီလန်တန် ၁-၀ ဧရာဝတီ၊ ဧရာဝတီ ၁-၃ ကီလန်တန်
ကီလန်တန် နောက်ဆုံး(၅)ပွဲ ရလဒ် = L W L L W
ဧရာဝတီ နောက်ဆုံး(၅)ပွဲ ရလဒ် = L W W L W
ဧရာဝတီအတွက်
အရှုံးအနိုင် အရေးမပါတော့ ပေမယ့် ကီလန်တန် အတွက် အရေးပါနေသေးတဲ့
ပွဲဖြစ်ပါတယ်။ ကီလန်တန် အနေနဲ့ အုပ်စုက လွတ်မြောက်ဖို့ သေချာနေပြီ
ဖြစ်ပေမယ့် အုပ်စု ပထမနေရာကို ရယူနိုင်ဖို့ အတွက် မသေချာ သေးတာကြောင့်
ဒီပွဲမှာ အနိုင်ရဖို့ လိုအပ်နေပါသေးတယ်။ ဧရာဝတီကတော့ ခုချိန်ထိ (၃)မှတ်သာ
ရသေးတာ ဖြစ်လို့ ခုပွဲကို နိုင်လိုက်ရင်တောင် ဘာမှ မဖြစ်နိုင်တော့ ပါဘူး။
ဒါပေမဲ့ အုပ်စု အောက်ဆုံးမှာ ရောက်နေတာ ဖြစ်လို့ အရှက်မကွဲရအောင်
ကြိုးစားလာမယ် ဆိုရင်တော့ ကီလန်တန်တို့ မထင်မှတ်ဘဲ အခက်တွေ့နိုင်ပါတယ်။
ကီလန်တန်
အနေနဲ့ ခုပွဲကို အိမ်ကွင်းမှာ ကစားရမှာက ဧရာဝတီ အပေါ် သိသိသာသာ အသာစီး
ရစေပါတယ်။ ကီလန်တန်ဟာ ဒီနှစ် AFC Cup မှာ အိမ်ကွင်း ရှုံးပွဲမရှိသေးပဲ
(၂)ပွဲလုံးကို အနိုင်ရထားပါတယ်။ ဧရာဝတီ အနေနဲ့ ပြည်တွင်းပွဲတွေမှာ ရလဒ်တွေ
ကောင်းနေပေမယ့် AFC Cup မှာတော့ ရလဒ်ရော ခြေစွမ်းပါ မကောင်းပါဘူး။ ဒီပွဲမှာ
ဧရာဝတီ အနေနဲ့ အားစိုက် ကစားလာစရာ အကြောင်းပြချက် တစ်ခုပဲ ရှိပါတယ်။
ဒါကတော့ သိက္ခာပိုင်းပဲ ဖြစ်ပါတယ်။ ဒီနှစ် AFC Cup ပြိုင်ပွဲမှာ အရှက်တကွဲ
ဖြစ်ထားတဲ့ ဧရာဝတီ အနေနဲ့ နောက်ဆုံးပွဲမှာ ဘာပဲဖြစ်ဖြစ် အရှက်တကွဲ ထပ်မဖြစ်
ရအောင် အားစိုက်လာနိုင်ခြေ ရှိနေပါတယ်။
ခြေစွမ်းပိုင်းမှာ
ကီလန်တန်က ဧရာဝတီထက် ပိုကောင်းပါတယ်။ ဧရာဝတီ အနေနဲ့ ဘယ်လို အသင်းမျိုးကို
မဆို ယှဉ်ကစားနိုင်စွမ်း ရှိတယ် ဆိုပေမယ့် ဒါက အကန့်အသတ် နဲ့ပါ။ ဒါ့အပြင်
လက်ရှိ အနေအထားအရ အနိုင်လိုချင်တဲ့ စိတ်ခြင်း ယှဉ်ကြည့်မယ် ဆိုရင်လည်း
အုပ်စုဗိုလ် ဖြစ်ဖို့အတွက် အမှတ်လိုနေတဲ့ ကီလန်တန်က သာပါတယ်။ ကစားရမှာက
ကီလန်တန် ကွင်းဖြစ်နေတာကြောင့် ဒီပွဲမှာ ဧရာဝတီတို့ အနိုင်ရသွား ဖို့တော့
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကံကောင်းရင် ဧရာဝတီ သရေရနိုင်ပြီး ကီလန်တန်ပဲ
နိုင်သွားဖို့ များပါတယ်။
ရန်ကုန် ယူနိုက်တက် - ဆန်ဟီဆန်းရေး
ထိပ်တိုက် တွေ့ဆုံမှု = ဆန်ဟီ ၁-၃ ရန်ကုန်
ရန်ကုန် နောက်ဆုံး(၅)ပွဲ ရလဒ် = W D L W W
ဆန်ဟီ နောက်ဆုံး(၅)ပွဲ ရလဒ် = D W D W L
အုပ်စုက
တက်သွားပြီ ဖြစ်တဲ့ ရန်ကုန် အတွက် အုပ်စု ပထမနေရာကို ရယူနိုင်ဖို့ အတွက်
အရေးပါနေတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အုပ်စု ပထမ နေရာရတဲ့ အသင်းဟာ (၁၆)သင်း
ရှုံးထွက် အဆင့် ပွဲစဉ်ကို အိမ်ကွင်း လက်ခံခွင့် ရမှာဖြစ်တာမို့ ရန်ကုန်တို့
ဒီပွဲကို အားစိုက်လာနိုင်ပါတယ်။ အုပ်စု တတိယနေရာက ဆန်ဟီအတွက်တော့ ဒီပွဲက
ဘာမှ အရေးမပါတော့ ပါဘူး။ အနိုင်ရခဲ့ရင်တောင် ဘာအပြောင်းအလဲမှ မရှိနိုင်လို့
သိပ်ပြီး အားစိုက်လာမှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဆန်ဟီတို့ ရှုံးပွဲတွေ
အတွက် သိက္ခာဆယ်ဖို့ အားစိုက်လာ ခဲ့ရင်တော့ ရန်ကုန်တို့ အနည်းငယ် အခက်တွေ့
နိုင်ပါတယ်။
ခြေစွမ်းပိုင်းမှာတော့ (၂)သင်းလုံး ခန့်မှန်းရ
ခက်ပါတယ်။ ဆန်ဟီရဲ့ ကစားပုံ မဆိုးပေမယ့် ခံစစ်ပိုင်းက အမှားအယွင်း
များပါတယ်။ အထူးသဖြင့် AFC Cup ပွဲစဉ်တွေမှာ ပေးဂိုးတွေ များနေပါတယ်။
သွင်းဂိုး (၁၂)ဂိုး ရထားပေမယ့် (၈)ဂိုးက ကစားသမား မပြည့်တဲ့ ပါစီဘိုကို
အိမ်ကွင်းမှာ သွင်းခဲ့တဲ့ ဂိုးတွေ ဖြစ်လို့ အထင်ကြီးစရာ သိပ်မရှိပါဘူး။
ရန်ကုန်ကလည်း AFC Cup နဲ့ ပြည်တွင်းပွဲတွေ ပြောင်းပြန် အချိုးကျနေတာ
ကြာပါပြီ။ ပြည်တွင်းပွဲတွေမှာ (၃)ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီးမှ
ပြီးခဲ့တဲ့ ပွဲစဉ်မှာ နိုင်ပွဲ ပြန်ရထားပါတယ်။ ပြည်ပ ပွဲစဉ်တွေမှာတော့
ရေးဒီးယန့်ကို အဝေးကွင်းမှာ သွားရှုံးခဲ့တာက လွဲရင် ကျန်တဲ့ပွဲ အားလုံးကို
နိုင်ထားပါတယ်။ သွင်းဂိုး (၁၆)ဂိုး ရှိလို့ ဂိုးသွင်းအား ကောင်းတယ်လို့
ဆိုရမှာပါ။
ပုံမှန်အားဖြင့် ဒီပွဲမှာ ရန်ကုန်တို့ အပြည့်အဝ
အားစိုက်ထုတ် ရမှာဖြစ်ပေမယ့် နောက်(၄)ရက် အကြာမှာ ဟံသာဝတီနဲ့ ပြည်တွင်း
ပွဲကျပ်ရှိနေတာကြောင့် ရန်ကုန်ရဲ့ ရုန်းကန်အားက သံသယ ဖြစ်စရာ ကောင်းပါတယ်။
ပြည်တွင်း ပွဲတွေမှာကလည်း ရပ်တည်မှု ကျဆင်းနေတာ ဖြစ်လို့ အုပ်စု ဒုတိယကိုပဲ
ကျေနပ်ပြီး ပြည်တွင်းပွဲတွေကို အားစိုက်လာ နိုင်ပါတယ်။ ရန်ကုန် အနေနဲ့
ဆန်ဟီကို အနိုင်ရသွားမှာ ဖြစ်ပေမယ့် ဂိုးတော့ မပြတ်လောက် ပါဘူး။
REF>>>Soccer Myanmar
|
0 comments:
Post a Comment