
လွတ်လပ်စွာကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ အနာဂတ်အစီအစဉ်တွေဆွေးနွေး ချမှတ်ရေးဆွဲရေးအတွက် လက်ရှိကမ္ဘာ့ထိပ်တန်းခေါင်းဆောင်ကြီးတွေအကြား ယခုသီတင်းပတ်အတွင်းတွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတယ်လို့သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်ထိ ပီရူးနိုင်ငံတွင် ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး APEC မှာတော့လက်ရှိ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား၊ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ရုရှသမ္မတ ဗလာဒီမာ ပူတင်စတဲ့ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။
ပစိဖိတ်ဒေသက နိုင်ငံပေါင်း ၂၁ နိုင်ငံက ခေါင်းဆောင်တွေစုဝေးတက်ရောက်လေ့ရှိတဲ့ ယင်း APEC ကိုတော့ ဒေသတွင်းလွတ်လပ်စွာကုန်သွယ်မှုကဏ္ဍနဲ့ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေကြားစုစည်းညီညွတ်မှုကို ပိုမိုခိုင်မာစေဖို့အတွက်နှစ်စဉ်ရည်ရွယ်ကျင်းပနေခဲ့တာလည်းဖြစ်ပါတယ်။ ယင်းဒေသဟာဆိုရင်ကမ္ဘာ့စီးပွားရေးရဲ့ ၆၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စုစုပေါင်း လူဦးရေရဲ့ ၄၀ရာခိုင်နှုန်းနီးပါးထိ ရှိနေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ဘက်ကဒေါ်နယ်ထရန့်အံ့အားသင့်ဖွယ် အနိုင်ရလာခဲ့တဲ့နောက်မှာတော့ ယခုနှစ် အစည်းအဝေးရဲ့ဦးတည်ချက်ကတော့ ယခင်နှစ်တွေကလိုမျိုး တူညီချင်မှ တူညီတော့မှာလည်းဖြစ်ပါတယ်။
ဒေါ်နယ်ထရန့်အနေနဲ့ကတော့ လွတ်လပ်တဲ့ ကုန်သွယ်မှုကိစ္စတွေအပါအ၀င်လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်တွေပေါ်မှာ ပြင်းပြင်းထန်ထန်ထိုးနှက်တိုက်ခိုက်ထားခဲ့တာကြောင့် ယခုကျင်းပမယ့် APEC အစည်းအဝေးမှာတော့အနာဂတ်ကာလမှာ တွေ့ကြုံရမယ့် ဒေသတွင်း လွတ်လပ်စွာကုန်သွယ်မှုကိစ္စတွေအတွက်ဘယ်လိုဘယ်ပုံ ကြိုတင်တွက်ဆပုံဖော်ကြမလဲဆိုတာကို ဆွေးနွေးသွားရဖွယ်ရှိနေပြီဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment