Thursday, November 10, 2016

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ရခြင်းမှာ မတရား ကျခံခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ဆောင်ရန် တင်ဒါ အောင်မြင်ထားသော်လည်း သက်ဆိုင်ရာက ပါဝင်ခြင်း မပြုရန် ညွှန်ကြားလာပါက နာခံရန် အသင့်ရှိနေကြောင်း ဦးမောင်ဝိတ် ပြောကြား

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့သူ ဦးမောင်ဝိတ် အနေဖြင့် ၎င်းထောင်ဒဏ် ကျခံခဲ့ရခြင်းမှာ မတရား ကျခံခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်းတွင် တင်ဒါ အောင်မြင်ထားသော်လည်း သက်ဆိုင်ရာဌာနများက ပါဝင်ခြင်းမပြုရန် ညွှန်ကြားလာပါက နာခံရန် အသင့်ရှိနေကြောင်း ဦးမောင်ဝိတ်က နိုဝင်ဘာ ၉ ရက်တွင် ရှင်းလင်းပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို နိုဝင်ဘာ ၉ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပခဲ့သည့် “၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ Daily Eleven သတင်းစာ စာမျက်နှာ ၁၇ ပါ “ရွေးကောက်ပွဲ တစ်နှစ်ကြာသော် A Year After The Nov 8 Polls” တွင် ဖော်ပြထားသည့် ၀န်ကြီးချုပ်တစ်ဦး ဒေါ်လာ တစ်သိန်းခန့်တန် Patek Phillipe နာရီ ၀တ်ဆင်သည်။ ယင်းလက်ဆောင်ကို ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါးမှုဖြင့် ထောင်က ထွက်လာခဲ့သော သူဌေးကြီး တစ်ဦးဖြစ်ပြီး အစိုးရ အကူးအပြောင်းမှာ မြို့သစ် စီမံကိန်းကို တင်ဒါ အောင်မြင်ခဲ့သူ တစ်ဦး ဖြစ်ကြောင်း ရေးသားမှုနှင့် Facebook Account Than Htut Aung မှ (05.November. 2016) တွင် ရေးသားဖော်ပြထားသည့် ဒေါ်လာ ၁၀၀ ဘီလျံလောက် ရင်းနှီးရမယ့် ကိစ္စမှာ ဒီ Developer တွေရဲ့ ငွေဖြူ ငွေမဲကိစ္စတွေ အထူးသဖြင့် မူးယစ်ကိစ္စနဲ့ ထောင်ကျဖူးတဲ့သူရဲ့ ငွေဖြူတွေ အခွန်ဆောင်မှုတွေ ရှင်းလင်းပြီလား ဆိုသည်တို့နှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးမောင်ဝိတ် အနေဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ရန်ကုန်တိုင်း ၀န်ကြီးချုပ်အား ဦးမောင်ဝိတ်က သိန်း ၁၁၀၀ တန် နာရီပေးခဲ့သည်ဟု အောက်တိုဘာ လဆန်းပိုင်းအတွင်း Facebook Status တင်ခဲ့သည့် Khaing Zaw အကောင့်၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုဝေဠု၏ Ko Wai Lu အကောင့်၊ Pyae Phyo Aung စသည့် အကောင့်များမှ တင်ခဲ့သည့် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ကျပ်သိန်း ၁၀၀၀ ကျော်နာရီ ဦးမောင်ဝိတ်က ပေးသည်ဆိုခြင်းနှင့် ပတ်သက်သည့် Screen-shot များကိုပါ တင်ပြ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်အနေနဲ့ တင်ပြခဲ့ပြီးပါပြီ။ ကျွန်တော်မည်သူ တစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ မြို့သစ် တင်ဒါသုံးဦး ရခဲ့ရာမှာ ရွှေသံလွင် ဦးကျော်ဝင်း၊ မောင်ဝိတ်နဲ့ ခွန်နောင်လို့ ရေးထားတာ ရှိပါတယ်။ မြို့သစ် တင်ဒါရတဲ့အထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျခဲ့တဲ့၊ ထောင်က ပြန်လွတ်လာတဲ့သူ ကျွန်တော်ပဲ ရှိနေပါတယ်။ ဒီနေရာမှာ စကားလုံးအနေနဲ့ ကျွန်တော် ရှင်းလင်းလိုတာ မဟုတ်ပါဘူး။ တရားရုံးကဲ့သို့ ရှင်းလင်းလိုတာလဲ မဟုတ်ပါဘူး။ ဒီစကားလုံးသည် မည်သူ့ကို ရည်ရွယ်တယ်ဆိုတဲ့ သဘောတရားကိုသာ ရှင်းလင်းလိုခြင်း ဖြစ်ပါတယ်။ ကျွန်တော် ဥပဒေပညာရှင် မဟုတ်တဲ့အတွက် ရှင်းမပြတတ်ပါဘူး။ ကျွန်တော် ရှင်းပြတတ်သလို ရှင်းပြခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဦးမောင်ဝိတ်ကဆိုသည်။
ထို့ပြင် ဦးမောင်ဝိတ်အနေနှင့် ရန်ကုန်ဝန်ကြီးချုပ် အပါအ၀င် မည်သည့် ၀န်ကြီးချုပ်ကိုမျှ နာရီလက်ဆောင်မပေးခဲ့ကြောင်း ရှင်းလင်းသည်။
“ဒီနာရီကိစ္စဟာ ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘွတ်မှာ အကောင့်တစ်ခုက အောက်တိုဘာလထဲမှာ ရေးသားရာမှ စတင်ခဲ့ကြောင်း သိရှိရပါတယ်။ ၎င်းရေးသားခြင်းရဲ့ နောက်ကွယ်မှ ဖန်တီးသူနှင့် ရည်ရွယ်ချက်ကို ကျွန်တော် မသိပါ။ ထိုအကောင့် ပိုင်ရှင်ကိုလည်း ကျွန်တော်သိကျွမ်းမှု လုံးဝမရှိပါ။ ဒီရေးသားချက်ကို ဆက်ပြီး အချို့အကောင့် ပိုင်ရှင်များက ထပ်မံရှယ်ကြရာမှ ပိုမိုကျယ်ပြန့်လာပြီး အချို့ဖေ့စ်ဘွတ်ခ် အကောင့်များတွင် ရန်ကုန်တိုင်း ၀န်ကြီးချုပ် လက်ပတ်နာရီ ၀တ်ထားပုံနှင့် Patek Phillipe နာရီ ဓာတ်ပုံများ ရောနှောဖော်ပြလာတာကိုလည်း တွေ့ရပါတယ်။ ဒါကို အကောင့်တစ်ခုက ‘ဒါကိုမှ ရှေ့တိုးချင်လည်း တိုးပါလေ’ ဆိုတဲ့စာသားကိုလည်း မြင်တွေ့ရပါတယ်။ အဆိုပါ စကားလုံးများသည် မည်သူ့အား မည်သည့်အဓိပ္ပာယ်ဖြင့် ဆိုလိုသည်ကို ကျွန်တော် ဥာဏ်မမီနိုင်ပါ။ ကျွန်တော့် အနေဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် သာမန်ပုဂ္ဂိုလ်များ၏ ကိုယ်စိတ်သန်ရာ ကိုယ်ထင်မြင်ရာ ရေးသားဖော်ပြချက်များကို မည်သို့မျှ ရှင်းလင်းချေပရန် မလိုအပ်သော်လည်း နာမည်ကြီး မီဒီယာတစ်ခုမှ ပုံနှိပ်ဖော်ပြမှုမျိုး၊ ဆိုရှယ်မီဒီယာပေါ်မှ ရေးသားမှုမျိုး၊ နိုင်ငံတကာ သတင်းမီဒီယာများ အထိပါ ဖော်ပြလာခြင်းမျိုးကိုတော့ အများသိစေရန် မတုံ့ပြန် မဖြေရှင်းခဲ့မိပါက ဆိတ်ဆိတ်နေ ၀န်ခံသကဲ့သို့ ဖြစ်သွားနိုင်ပါသည်။ နောင်တွင်လည်း အလားတူ ရေးသားချက်တွေကြောင့် အများပြည်သူ အထင်မှားတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါအပြင် မရှင်းလင်းရင် နိုင်ငံသားတစ်ဦး၏ တာဝန်မကျေပွန်ရာရောက်မှာ ဖြစ်တဲ့အတွက်ကြောင့် ယခုလို လူကြီးမင်းများအား လေးစားစွာ ဖိတ်ကြား ရှင်းလင်းတင်ပြရခြင်းလည်း ဖြစ်ပါတယ်။ ကျွန်တော် ဘယ်ဝန်ကြီးချုပ်ကိုမှ Patek Phillipe နာရီ လက်ဆောင်ပေးခဲ့ဖူးခြင်း မရှိပါဘူး ခင်ဗျာ။ အဆိုပါကိစ္စအား မည်သည့် ခုံရုံးတွင်မဆို အစစ်အဆေးခံရန် အသင့်ရှိပါတယ်” ဟု ဦးမောင်ဝိတ်က ရှင်းလင်းသည်။
မူးယစ်ကိစ္စဖြင့် ထောင်ကျဖူးတဲ့သူ ဆိုရာတွင်လည်း ဦးမောင်ဝိတ်သည် မြန်မာ့ လက်ရွေးစင် ဂေါက်သီးသမား အဖြစ် နိုင်ငံ ကိုယ်စားပြု ဂေါက်သီးပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင် ကစားခဲ့ပြီး ၁၉၉၄ ခုနှစ်မှစ၍ မောင်ဝိတ်နှင့် မိသားစုကုမ္ပဏီကို တည်ထောင်ခဲ့ပြီး သံထည်ပစ္စည်းများ တင်သွင်းခြင်း၊ ပဲပြောင်းများ နိုင်ငံခြားသို့ တင်ပို့ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းများကိုပါ တိုးချဲ့ လုပ်ကိုင်ခဲ့သည့်အပြင် ယင်းကာလတစ်လျှောက် နိုင်ငံတော်သို့ အခွန်ငွေများ မပျက်မကွက် ပေးသွင်းခဲ့သည်ဟု ရှင်းလင်းသည်။  ဦးမောင်ဝိတ်ကို၂၀၀၈ ခုနှစ် မေလတွင် ကျိုက်လတ်မြို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အစည်းအဝေး ခန်းမအတွင်း ဖမ်းဆီးခဲ့ကာ မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ငါးနှစ်၊ မူးယစ်ဆေးဝါး သုံးစွဲရန် အားပေးအားမြှောက်ပြုမှုဖြင့် ၁၀ နှစ်။ ဧည့်စာရင်း မတိုင်မှုဖြင့် သုံးနှစ် စုစုပေါင်း ၁၈ နှစ် ကို အထူးခုံရုံးက စာအိတ်ဖွင့်ဖတ်ပြီး အမိန့်ချမှတ်ခံခဲ့သည်ဟု ဦးမောင်ဝိတ်က ဆိုသည်။
“မောင်ဝိတ်နှင့် မိသားစုကုမ္ပဏီကိုပါ တရားရုံး၏ တရားစီရင်မှု အာဏာနဲ့ မဟုတ်ဘဲ အုပ်ချုပ်ရေးအာဏာနဲ့ ဖျက်သိမ်းရန် ညွှန်ကြားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စီမံကိန်းတွေကိုလည်း ရပ်တန့် သိမ်းဆည်းခဲ့ကြပါတယ်။ ထိုကာလများတွင် ကျွန်တော်၏ လူမှုဘ၀များ စီးပွားရေး လုပ်ငန်းများ ဖျက်ဆီးခံခဲ့ရပါတယ်။ ပိုပြီးဆိုးသည်မှာ ကျွန်တော့်အား မူးယစ်ရာဇာ တစ်ဦးကဲ့သို့ ကောလာဟလဖြန့်၍ နာမည်ဖျက်ခြင်း ခံခဲ့ရပါတယ်။ လူကြီးမင်းများခင်ဗျာ ကျွန်တော့်စီးပွားရေး လုပ်ငန်းများသည် မည်သည့် အချိန်မှာမျှ မည်သည့် မူးယစ်ဆေးဝါးနှင့်မျှ ပတ်သက် ဆက်နွှယ်ခြင်း မရှိကြောင်း၊ လွတ်လပ်သည့် မည်သည့်ခုံရုံးနှင့်မဆို ရှင်းလင်းရန် အသင့်ရှိပြီး ဘ၀နှင့် အာမခံကြောင်း တင်ပြအပ်ပါတယ်။ ကျွန်တော် ထောင်ချခံခဲ့ရသော အမှုများကိုလည်း မည်သည့်အချိန်တွင်မဆို ပြန်လည် စစ်ဆေးခံနိုင်ကြောင်းကိုလည်း တင်ပြအပ်ပါတယ်” ဟု ဦးမောင်ဝိတ်ကဆိုသည်။
ထို့ပြင် ဦးမောင်ဝိတ်အနေဖြင့် ရန်ကုန်မြို့သစ် စီမံကိန်းတွင် တင်ဒါ အောင်မြင်ထားသော်လည်း သက်ဆိုင်ရာဌာနများက မပါဝင်နဲ့တော့ဟု ညွှန်ကြားခဲ့ပါက နာခံရန်အသင့် ရှိနေသည်ဟု ဦးမောင်ဝိတ်က ရှင်းလင်းသည်။
“ကျွန်တော် အကျဉ်းထောင်က လွတ်မြောက်ပြီးနောက် ကျွန်တော့်ဘ၀ ပြန်ထူထောင်ဖို့ ၀န်ထမ်းဟောင်းတွေကို ပြန်စုပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။ သိမ်းဆည်းခံခဲ့ရသော စီမံကိန်းများကို ပြန်လည် လျှောက်ထားခဲ့ပါတယ်။ စီမံကိန်း အသစ်များကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ကျွန်တော့်မိသားစုပိုင် အိမ်ခြံမြေများ ရောင်းချ၍ လည်းကောင်း၊ ပြည်တွင်းဘဏ်များက ငွေချေးယူ၍ လည်းကောင်း ဆောင်ရွက်လျက် ရှိပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး တင်ပြလိုသည်မှာ သတင်းစာတွင် ခေါ်ယူခဲ့သော တင်ဒါကို ကျွန်တော်တို့ ကုမ္ပဏီမှ အများနည်းတူ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
တင်ဒါ တင်သွင်းသူ သုံးဦးသာရှိခဲ့ပြီး သုံးဦးစလုံးကို ပေးလိုက်သည့်အတွက် ကျွန်တော်တို့ ရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေ့သက်ဆိုင်ရာ ဌာနများက စီမံကိန်းမှာ ကျွန်တော်တို့ မပါနဲ့တော့လို့ ညွှန်ကြားခဲ့မယ်ဆိုရင် နာခံရန် အသင့်ရှိကြောင်း တင်ပြအပ်ပါတယ်” ဟု ဦးမောင်ဝိတ်က ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment