Thursday, November 10, 2016

သီလ၀ါ အထူးစီးပွားရေးဇုန် Zone B ၁၀၁ ဟက်တာ၏ တည်ဆောက်ရေး လုပ်ငန်းများ ယခုနှစ်ကုန်ပိုင်း စတင်နိုင်ရန် ခန့်မှန်း

သီလ၀ါ အထူးစီးပွားရေးဇုန် Zone B ၁၀၁ ဟက်တာ၏ တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင် တည်ဆောက်နိုင်ရန် ခန့်မှန်းထားကြောင်း Myanmar Japan Thilawa Development Ltd -MJTD မှ Officer & General Manager ဦးမြင့်ဇော်က ပြောကြားသည်။

အဆိုပါ သီလ၀ါ အထူးစီးပွားရေးဇုန် Zone B ၁၀၁ ဟက်တာကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဂျပန်နှင့် မြန်မာနိုင်ငံတို့အကြား Joint Venture Agreement Amendment လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၂၁ ရက်က နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က “သီလ၀ါ အထူးစီးပွားရေးဇုန် ဘက်စုံ တည်ဆောက်ရေး၊ ဆက်စပ်အခြေခံ အဆောက်အအုံများ တည်ဆောက် အကောင်အထည် ဖော်ဆောင်ရေးနဲ့ သီလ၀ါဇုန်အား နိုင်ငံတကာအဆင့်မီ ဇုန်တစ်ခုဖြစ်ပေါ်ရေး စသည့်ဆောင်ရွက်ချက်များတွင် အဘက်ဘက်က ကူညီပေးခဲ့တဲ့ ဂျပန်အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများကို ကျေးဇူးတင်ပါတယ်။ စီမံကိန်းနေရာများက အိမ်ရာရွှေ့ပြောင်းရေး ကိစ္စကို ဦးစီးဦးဆောင်ပြု ဆောင်ရွက်လျက်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကိုလည်း လိုအပ်တဲ့ အကူအညီများ ပံ့ပိုးပေးရန် ပြောလိုပါတယ်” ဟု ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် Zone B ကို အကောင်အထည်ဖော်ရန် အတွက် မြန်မာအစိုးရနှင့် ဒေသခံများအကြား ဆွေးနွေးလျက်ရှိရာ ယင်းသို့ ဆွေးနွေးမှု အဆင်မပြေခဲ့ပါက ဂျပန်နိုင်ငံအနေဖြင့် ဆက်လက် လုပ်ဆောင်မည် မဟုတ်ဘဲ စီမံကိန်း ရပ်ဆိုင်းမှုပင် ရှိလာနိုင်ကြောင်း Myanmar Japan Thilawa Development Ltd မှ CEO Mr.YANAI Takashi က အောက်တိုဘာ ၁၈ ရက်က သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အထူးစီးပွားရေးဇုန်ဖြစ်သော သီလ၀ါ အထူးစီးပွားရေးဇုန်အား ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် စီးပွားဖြစ် စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် Zone A ၌ ၉၅ ရာခိုင်နှုန်း အထက်ကို ရောင်းပြီးသွားပြီဖြစ်ကာ လက်ရှိအချိန်၌ Zone A အတွင်း ရောင်းရမည့်မြေပင် သိပ်မကျန်တော့ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် Zone A တွင် နိုင်ငံတကာမှ ကုမ္ပဏီ ၆၈ ခုအထိ ရင်းနှီးမြှုပ်နှံထားပြီး ပမာဏ ဒေါ်လာသန်း ၈၈၀ အထိ ၀င်ရောက် မြှုပ်နှံထားသည်။

၂၀၁၆ ခုနှစ် ဧပြီလ မြန်မာအစိုးရသစ် လက်ထက်မှ စတင်၍ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူ အရေအတွက် ပိုမိုများပြားလာပြီး လက်ရှိအချိန်၌ သီလ၀ါတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း ၇၈ခု ရှိကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment