ပစိဖိတ်ဒေသဖြတ်ကျော် ကုန်သွယ်မှုစာချုပ် TPP နဲ့ပတ်သက်လို့ လက်ရှိ အမေရိကန်တို့ဘက်မှာ လိပ်ခဲတည်းလဲအခြေအနေ ဖြစ်နေတာက ကပ်ဆိုးတစ်ခုဖြစ်နေပြီး ယင်းအချက်ကြောင့် အာရှဒေသမှာ ၀ါရှင်တန်အပေါ် ရှုမြင်ပုံတွေအပေါ် ဆုတ်ယုတ်သွားစေနိုင်တယ်လို့ တရုတ်ပညာရှင်တစ်ဦးက သတိပေးလိုက်ပါတယ်။
ယင်း TPP ကုန်သွယ်မှုစာချုပ်ကို ပြီးခဲ့တဲ့နှစ်ထဲမှာပဲ အမေရိကန်နဲ့ အခြားနိုင်ငံပေါင်း ၁၁ နိုင်ငံတို့ သဘောတူညီမှုရထားခဲ့တာဖြစ်ပြီးတော့ ယင်းစာချုပ်အရ ပါဝင်တဲ့နိုင်ငံတွေအကြား ကုန်သွယ်မှုပိုင်းဖြေလျော့နိုင်မှု၊ ဘုံသဘောတူညီချက်စံနှုန်းတွေ သတ်မှတ်ထားရှိမှုနဲ့ အတားအဆီးတွေဖျက်သိမ်းမှု စတာတွေ ဖြစ်လာမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိ အမေရိကန် သမ္မတလောင်းတွေက လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် ကိုယ်ကျိုးကာကွယ်မှုဆန်တဲ့ ရပ်တည်ချက်ကိုသာ ပြသထာခဲ့ကြတဲ့နောက်ပိုင်း ယင်းစာချုပ်နဲ့ပတ်သက်လို သံသယတွေကြီးထွားလာနေပြီပဲဖြစ်ပါတယ်။
" ကျွန်တော်ထင်ပါတယ်၊ တကယ်လို့သာ ဒီ စာချုပ်ကို လက်တွေ့အကောင်အထည်မဖော်နိုင်တော့ဘူးဆိုရင် သေချာပါတယ်၊ အာရှဒေသမှာအမေရိကန်တို့အပေါ် အများယုံကြည်လက်ခံမှုက ဇီးရိုးအထိ ကျဆင်းသွားမှာပါပဲ" လို့ ၀ါရှင်တန်ဒီစီ နိုင်ငံတကာ လေ့လာရေးနဲ့ မဟာဗျူဟာဌာန အဆင့်မြင့်အကြံပေး Christopher Johnson က သုံးသပ်ပါတယ်။
" ဒီဥစ္စာက အာရှဒေသကို အမေရိကန်တို့ မဏ္ဍိုင်ပြုဖို့လုပ်တဲ့နေရာမှာ ပါဝင်တဲ့အဓိက စီးပွားရေးလက်နက်တစ်ခုပါ၊ အဲဒါကိုပဲ ကွန်ဂရက်မှာသာမကျော်ဖြတ်နိုင်ခဲ့ဘူးဆိုရင်တော့ အဲဒီအာရှဒေသထဲမှာ တရုတ်အတွက် တကယ့်ကိုကြီးကျယ်တဲ့အခွင့်အရေးကို ပေးလိုက်သလိုဖြစ်သွားမှာပါပဲ" လို့လည်း ၎င်းက ပြောသွားပါတယ်။
တစ်ဘက်မှာကြည့်ရင်တော့ လက်ရှိ ကမ္ဘာ့ဒုတိယအင်အားကြီးစီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ်ကလည်း အာရှဒေသမှာ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်တိုးလုပ်ဆောင်လာနေသလို ဒေသတွင်းနိုင်ငံတွေဘက်ကလည်း ယင်းတရုတ်နိုင်ငံနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံနိုင်ရေးဘက်ကိုပိုမိုအလေးထားလာနေကြတယ်လို့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment