ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဆက်လက် လုပ်ကိုင်ခွင့် ရရှိသည့် ဟိုတယ် ၂၅ လုံးကို ဟိုတယ်လုပ်ငန်း စတင် လုပ်ကိုင်သည့်နှစ်မှစ၍ ၁၅ နှစ်အတွင်းသာ အရင်းကျေ ကာလအဖြစ် လုပ်ကိုင်ပြီးနောက် အခြားနေရာသို့ ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးအုန်းမောင်က စက်တင်ဘာလ ၂ဝ ရက်က ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ယခင်အစိုးရ လက်ထက်က ဟိုတယ် ဆောက်လုပ်ခွင့် မရှိသည့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဟိုတယ် ၄၂ လုံးထိ တည်ဆောက်ရန် ပြင်ဆင် လာခဲ့ရာမှ ဟိုတယ် ၂၅ လုံးသည် ယနေ့အချိန်၌ ရာခိုင်နှုန်းအားဖြင့် ၇ဝ မှ ၉ဝ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီ ဖြစ်သောကြောင့် ယူနက်စကိုမှ တာဝန်ရှိသူများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ညှိနှိုင်းကာ ပြန်လည် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
“ဟိုတယ်ဆောက်ထားတဲ့ လုပ်ငန်းရှင်တွေက ဘဏ်တွေကနေ အတိုးနှုန်းတွေနဲ့ချေးပြီး လုပ်ငန်း ဆောင်ရွက်ထားတာ ဖြစ်တဲ့အတွက် ဝန်ကြီးဌာန အချင်းချင်း မေတ္တာရပ်ခံ ညှိနှိုင်း ထားတာပါ။ ၁၅ နှစ် ပြီးရင်တော့ သူတို့တွေက အပြင်ကို ပြောင်းရမယ်။ နေရာအစားထိုး ပေးရမှာပေါ့”ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဦးအုန်းမောင်က ဆိုသည်။
ဆက်လက် လုပ်ကိုင်ခွင့် ရရှိသည့် ဟိုတယ် ၂၅ လုံးအတွက် အရင်းကျေ ကာလ ၁၅ နှစ် ကျော်ပါက ပြန်လည် အစားထိုး ပေးရမည့် မြေနေရာအတွက် နေရာ အတိအကျကို ဆုံးဖြတ်ထားခြင်း မရှိသေးသော်လည်း ဟိုတယ်များ ပြောင်းရွှေ့ပါက ယင်း အဆောက်အအုံများကို ယဉ်ကျေးမှုဒေသအတွက် ပြန်လည် အသုံးပြုသွားရန် စီစဉ် ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးထံမှ သိရသည်။
ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရာတွင် ရှေးဟောင်း အဆောက်အအုံများ၏ ပတ်လည် ၅ ကီလိုမှ ၇ ကီလိုအတွင်း မည်သည့် လူနေအိမ်၊ မည်သည့် အဆောက်အအုံ၊ မည်သည့် ဟိုတယ်မှ မရှိရဟု ယူနက်စကိုက စည်းကမ်း သတ်မှတ်ထားခြင်း ဖြစ်သည်။
လက်ရှိ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ခွင့်ပြုထားသည့် လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၂၇ လုံးရှိပြီး အခန်းပေါင်း ၃၅ဝဝ ကျော်ရှိသည်။
Credit To >>> The Voice Weekly
0 comments:
Post a Comment