Monday, September 5, 2016

ကမ္ဘာ့စီးပွားရေးကို ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ခြိမ်းခြောက်နေကြောင်း တရုတ်သမ္မတရှီပြော


ဂျီ-၂ဝ ထိပ်သီးညီလာခံကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ စက်တင်ဘာ ၄ ရက်တွင် ဖွင့်လှစ်လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများပါဝင်သော ဂျီ-၂ဝ အုပ်စု၏ နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲအတွက် ဟန်ကျိုးမြို့သို့ ကမ္ဘာ့ခေါင်းဆောင်များ စုဝေးရောက်ရှိလာခဲ့ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဂျီ-၂ဝ ထိပ်သီးညီလာခံအတွက် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းညီလာခံသည် တရုတ်နိုင်ငံ၌ ယခုနှစ်အတွင်း အထူးခြားဆုံး ကျင်းပသော နိုင်ငံတကာအစည်းအဝေးလည်းဖြစ်သည်။

ယနေ့ကာလတွင် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒသည် ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ဂျီ-၂ဝ ထိပ်သီးညီလာခံဖွင့်ပွဲအခမ်းအနားတွင် တရုတ်သမ္မတရှီက ပြောကြားသည်။

ဂျီ-၂ဝ ထိပ်သီးညီလာခံသည် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရန် ဇွန်လတွင် ပြည်သူများက မဲပေးဆုံးဖြတ်ခဲ့ပြီးချိန်နှင့် နိုဝင်ဘာလတွင် အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပရန် ရှိနေချိန်ကြားကာလတွင် ကျင်းပခြင်းဖြစ်သည်။ ယခုကျင်းပသော ထိပ်သီးညီလာခံတွင် ဂျီ-၂ဝ ခေါင်းဆောင်များက လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီ ချက်နှင့်ပတ်သက်၍ ကာကွယ်ပြောဆိုကြမည်ဟု မျှော်လင့်ရသည်။

ကမ္ဘာ့စီးပွားရေးသည် အရေးပါသော လမ်းဆုံလမ်းခွသို့ ရောက်ရှိနေကြောင်း၊ နည်းပညာနှင့် စက်မှုလုပ်ငန်းများ ပြန်လည်အရှိန်အဟုန်မြင့်တက်လာရေးအတွက် ကြိုးပမ်းရန်လိုအပ်ကြောင်း သမ္မတရှီက ပြောကြားသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment