Monday, September 12, 2016

နိုင်ငံတကာ ကုမ္ပဏီကြီးတွေအားလုံး ထိုက်သင့်တဲ့ အခွန်အခတွေ မှန်မှန်ကန်ကန် ပေးဆောင်ရမယ့်အချိန်ကျနေပြီလို့ ယူရိုဇုန် ပြော


နိုင်ငံတကာအခြေစိုက် ကုမ္ပဏီကြီးတွေအနေနဲ့ ကမ္ဘာတစ်ဝန်း ဘယ်နေရာမှာပဲ အခြေချလုပ်လုပ် အရင်က အခွန်ရှောင်ခဲ့တဲ့အလေ့အကျင့်တွေကနေဖယ်ခွာပြီး သင့်တော်မျှတတဲ့ အခွန်အခတွေ ပေးဆောင်ဖို့လိုနေပြီလို့ ဥရောပဇုန်က ဘဏ္ဍာရေးဝန်ကြီးအုပ်စု အကြီးအကဲက သတိပေးပြောကြားလိုက်ပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ လက်ရှိအချိန်မှာ အခွန်ရှောင်မှုကိစ္စကို ဘယ်လိုမျိုး ရပ်တည်တိုက်ဖျက်မလဲဆိုတာနဲ့ပတ်သက်လို့ ခုလိုမျိုး အထက်ပါအတိုင်း ထုတ်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။

မြောက်များစွာသော အခွန်ရှောင်မှု ဖြစ်စဉ်တွေကို ဖွင့်ချသွားတဲ့ “Panama Papers” ကိစ္စထွက်ပေါ်ခဲ့တဲ့နောက်ပိုင်း အီယူအုပ်စုအနေနဲ့ ကုမ္ပဏီကြီးတွေရဲ့ အခွန်ဆောင်မှုပိုင်းအပေါ် ထိန်းချုပ်ကြပ်မတ်တာ၊ စည်းမျဉ်းတင်းကျပ်တာ ဆိုတာမျိုးတွလုပ်ပြီး မျှတတဲ့ အခွန်စနစ်တစ်ခု ထွက်ပေါ်ဖို့ ကြိုးပမ်းလာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ Apple အပေါ် ချမှတ်ခဲ့တဲ့ ယူရို ဘီလီယံပေါင်းများစွာ အခွန်ဒဏ်ရိုက်မှုကိစ္စကို ယူရိုဇုန်အကြီးအကဲက ရည်ညွှန်းပြောဆိုသွားပါတယ်။

“ အဲဒီလို ကုမ္ပဏီကြီးတွေကို ကျွန်တော်တို့ သိစေချင်တာက ခင်ဗျားတို့ဟာမတရားသော စစ်ကို တိုက်နေကြတာပါ၊ ခုချိနမှာ အချိန်ကာလတွေကပြောင်းလဲနေခဲ့ပါပြီ၊ ဒီချိန်မှာ မှန်ကန်တဲ့အခွန်ပေးဆောင်မှုစနစ်ကို ခင်ဗျားတို့လည်းဖော်ဆောင်ရတော့မယ့်အချိန်ပါလို့ ပြောချင်ပါတယ်” လို့ ယူရိုဇုန်အုပ်စုအကြီးအကဲနဲ့ ဒက်ခ်ျ ဘဏ္ဍာရေးဝန်ကြီး Jeroen Dijsselbloem ကပြောပါတယ်။

“ ခင်ဗျားတို့ လုပ်ငန်းလုပ်ရင် အခွန်ဆောင်ရမယ်၊ အမေရိကန်မှာဆိုလည်းဆောင်ရမယ်၊ ဥရောပမှာလဲ ဒီလိုပဲ ဆောင်ရမှာပဲ” လို့ ၎င်းက ပြောပါတယ်။လက်ရှိအချိန်မှာလည်း ဥရောပနိုင်ငံတွေမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံတကာကုမဏီကြီးတွေရဲ့ အခွန်ဆောင်မှုနဲ့ပတ်သက်လို့ အီးယူကော်မရှင်ကစုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး မမှန်မကန်လုပ်ဆောင်ထားမှုတွေ ရှိလားဆိုတာကို စစ်ဆေးနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ကာလတွေမှာတော့ Apple အပြင် အွန်လိုင်း လက်လီလုပ်ငန်းစုကြီး Amazon နဲ့ စားသောက်ကုန်လုပ်ငန်းစု McDonald’s တို့ဟာဆိုရင်အခွန်ကိစ္စနဲ့ပတ်သက်လို့ အီးယူကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေခဲ့ရသလို ကော်ဖီလုပ်ငန်းစု Starbucks Corp ဆိုရင်လည်း ဒက်ခ်ျနိုင်ငံကို အခွန်ငွေ ယူရိုသန်း ၃၀ ပြန်ပေးဖို့ ညွှန်ကြားခံထားရပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment