Friday, September 2, 2016

ကျောက်ဖြူအထူးစီးပွားရေးဇုန်အနီး ကမ်းခြေရှိ မြေကွက်များ ၀ယ်ယူသူများ

ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွား ရေးဇုန်အနီး မင်းပြင်နှင့်ဇင်ချောင်းကမ်းခြေတစ်လျှောက်ရှိ မြေကွက် များကို ရင်းနှီးမြှုပ်နှံသူများမှဝယ်ယူမှုများပြားလာကြောင်း မြေကွက် အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
စီးပွားရေးဇုန်နှင့်နီးသည့် မင်းပြင်နှင့် ဇင်ချောင်းကမ်းခြေတစ်လျှောက် မြေကွက်များကို ပြည်တွင်းလုပ်ငန်းရှင်များ၊ ဒေသတွင်း လုပ်ငန်းရှင်များ နှင့် မြို့ခံရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များမှ ၀ယ်ယူလာကြခြင်းဖြစ်သည်။
"မြေကွက်က မရှိသလောက်နည်းပါးသွားပါပြီ။ အကုန်အကွက်ရိုက်၊ ဧကရာနဲ့ချီဝယ်ယူပြီး ခြံခတ်ထားကြတယ်။ အဲဒီကမ်းခြေမြေဈေးက တစ်လတစ်မျိုးဆိုသလိုမျိုး ဈေးနှုန်းက အတက်ပဲရှိနေတယ်။ အကျလုံးဝ မရှိဘူး။ တချို့ဆိုလည်း တောင်သူတွေဆီက ဈေးအနိမ့်နဲ့ ရထားကြသူ တွေလည်းရှိတယ်"ဟု မြေကွက်အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးမောင်ကြီးက ပြောသည်။
လုပ်ငန်းရှင်များအနေဖြင့် အမြင့်ဈေးဖြင့် ပြန်လည်ရောင်းချရန် ၂၀၁၄ ခုနှစ်အတွင်းမှ စတင်ဝယ်ယူလာကြပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ် အထိ ၀ယ်ယူမှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။
"စက်မှုဇုန်ဖော်ဆောင်လာရင်တော့ မြေဈေးကဒီထက်မကမြင့်တက် လာမှာပါ။ နောက်ပြီးတော့ ဟိုတယ်နဲ့
ခရီးသွားလုပ်ငန်းဖော်ဆောင်လာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်ရှိတဲ့ငွေတွေကို ဘဏ်ထည့်ထား မယ့်အစား
မြေကွက်ဝယ်ပြီးရင်းနှီးမြှုပ်နှံထားတာပါ"ဟု မြေကွက် ၁၃ ဧက ခန့် ၀ယ်ယူရင်းနှီးမြှုပ်နှံထားသည့်ကျောက်ဖြူမြို့ခံတစ်ဦးကပြောသည်။
ကမ်းခြေရှိ မြေကွက်ဈေးနှုန်းများမှာ ၂၀၁၀ ခုနှစ်မတိုင်မီ တစ်ဧက လျှင် ကျပ် ၁၀ သိန်းမှ သိန်း ၃၀ ၀န်းကျင်သာရှိခဲ့သော်လည်း ယခုအခါ တစ်ဧကလျှင်ပျမ်းမျှ ကျပ်သိန်း ၁၅၀ ကျော်မှ ကျပ်သိန်း ၄၀၀ ကျော်ထိ မြင့်တက်နေကြောင်းသိရသည်။

# Democracy Today

0 comments:

Post a Comment