သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားသော ပုဂံဘုရားများ ပြန်လည် ပြုပြင်ရန် တရုတ်ပညာရှင်များက အကူအညီပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang က ပြောသည်။
“မြန်မာနိုင်ငံအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ တရုတ်နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ်ဌာနမှ ပညာရှင် အဖွဲ့တစ်ဖွဲ့ စေလွှတ်ပြီး ပုဂံဒေသပြန်လည် ပြုပြင်ရေးလုပ်ငန်းမှာ ပါဝင်စေမှာ ဖြစ်တဲ့အပြင် တရုတ်အစိုးရမှ ပေးအပ်သော လုပ်ငန်းဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများကိုလည်း ယူဆောင်လာမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောသည်။
မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပသော “ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားများ ပြန်လည် ပြုပြင်ရန် အလှူငွေပေးအပ်ခြင်း အခမ်းအနား” တွင် ပြောသွားခြင်းဖြစ်သည်။
“တရုတ်နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ်ဌာနမှ ပညာရှင်အဖွဲ့ဟာ ယခင်က အန်ကောဝပ်ဘုရားကျောင်းမှ ကျောင်းဆောင်အား အောင်မြင်စွာ ပြုပြင်နိုင်ခဲ့ကာ ရှေးဟောင်း အဆောက်အဦး ပြုပြင်သည့် အတွေ့အကြုံနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အတွေ့အကြုံများ အပြည့်အဝ ရှိပါတယ်။ ပုဂံဒေသ ယခင်ယဉ်ကျေးမှုသမိုင်း ပုံရိပ်အတိုင်း ပြန်လည်ပြုပြင်နိုင်ဖို့ ကျနော်တို့ ယုံကြည်ချက် ရှိပါတယ်” ဟုလည်း ပြောသည်။
“တရုတ် မြန်မာနှစ်နိုင်ငံဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူအကြားမှာ အခက်အခဲကို အတူတကွ ရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး တည်ရှိပါတယ်။ မြန်မာနိုင်ငံကို ကူညီဖို့၊ ပုဂံဒေသကို ကူညီဖို့ဆိုတာ ကျနော်တို့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်” ဟုလည်း တရုတ် သံအမတ်ကြီးက ပြောသည်။
“ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားများ ပြန်လည် ပြုပြင်ရန် အလှူငွေပေးအပ်ခြင်း အခမ်းအနား” သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုလည်း တက်ရောက်ခဲ့ပြီ့း် ဘုရားစေတီ ၄၀၀ ကျော် ပျက်စီးခဲ့သည့်အတွက် လွန်စွာ ဝမ်းနည်းရကြောင်း ပြောဆိုခဲ့သည်။
အခမ်းအနားတွင် ကျပ်ငွေ သန်း ၁၀၀ ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ စက်တင်ဘာ ၁ ရက်တွင် လှူဒါန်းခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မြန်မာကျပ်ငွေ သန်း၂၀နှင့် ယူနန်ပြည်နယ် ရွှေလီ မြူနီစီပယ် အုပ်ချုပ်ရေးဌာနမှ အလှူငွေ မြန်မာကျပ်ငွေ သန်း၈၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
Credit To >>> Mizzima Burmese
0 comments:
Post a Comment