Thursday, September 1, 2016

အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရ အာဆီယံ အားကစားသမားများကို အဲအေးရှားက တစ်သက်တာ လေယာဉ် အခမဲ့ စီးနင်းခွင့် ချီးမြှင့်

အာရှ၏ အကြီးဆုံး စရိတ် သက်သာ လေကြောင်းလိုင်း ဖြစ်သော အဲအေးရှားက ၂၀၁၆ ခုနှစ်၊ အိုလံပစ် အားကစား ပြိုင်ပွဲကြီးတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သော အာဆီယံ နိုင်ငံများမှ အားကစားသမားများကို တစ်သက်တာ လေယာဉ် အခမဲ့ စီးနင်းခွင့် ချီးမြှင့်လိုက်ကြောင်း အဲအေးရှား၏ တရားဝင် သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဲအေးရှားသည် အိုလံပစ် အားကစားပြိုင်ပွဲတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ် ရရှိခဲ့သော အာဆီယံ အားကစားသမားများကိုလည်း ၅ နှစ် လေယာဉ် အခမဲ့ စီးနင်းခွင့်နှင့် ၂ နှစ် လေယာဉ် အခမဲ့ စီးနင်းခွင့်များ အသီးသီး ချီးမြှင့်ခဲ့သေးသည်။

ထိုကဲ့သို့ အခမဲ့ လေယာဉ် စီးနင်းခွင့် ချီးမြှင့်ခံရသော အားကစားသမားများ အနေဖြင့် အာရှ၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်တို့ရှိ အဲအေးရှားနှင့် အဲအေးရှား X တို့ ချိတ်ဆက် ပျံသန်းနေသော ခရီးစဉ်ပေါင်း ၁၂၀ ကျော်မှ မည်သည့် ခရီးစဉ်ကိုမဆို အခမဲ့ စီးနင်းခွင့် ရရှိမည် ဖြစ်သည်။

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော ၂၀၁၆ အိုလံပစ် အားကစား ပြိုင်ပွဲကြီးတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည့် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အားကစားသမားများကို အထင်ကြီး လေးစားမိကြောင်းနှင့် ယခုချီးမြှင့်မှုမှာ ဂုဏ်ပြု ထိုက်သူများကို ဂုဏ်ပြုခြင်းသာ ဖြစ်ကြောင်း အဲအေးရှား၏ အမှုဆောင် အရာရှိချုပ် တိုနီဖာနန်ဒက်စ်က ပြောကြားကြောင်း အဲအေးရှား၏ သတင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

၂၀၀၁ ခုနှစ်တွင် လေယာဉ် ၂ စင်းနှင့် စတင် တည်ထောင်ခဲ့သော အဲအေးရှားသည် ၂၀၀၇ ခုနှစ်တွင် အဲအေးရှား X လေကြောင်းလိုင်းကိုပါ ထပ်မံ တိုးချဲ့ တည်ထောင်ခဲ့ကာ လက်ရှိ အချိန်တွင် A320s လေယာဉ် အစင်းပေါင်း ၁၇၀ ကျော်နှင့် နေရာပေါင်း ၁၂၀ ကျော်ထိ ခရီးသည်များကို ပို့ဆောင် ပေးနိုင်နေပြီ ဖြစ်သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment