ရန်ကုန်ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးအား အများပိုင်ကုမ္ပဏီများအဖြစ် ပြောင်းလဲရန်အတွက် လက်ရှိပါရမီနှင့် အဓိကပတိ ယာဉ်လိုင်းများပြေးဆွဲနေသော ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး၊ ရွှေဧည့်သည်နှင့် မေတ္တာလှိုင်း ယာဉ်လိုင်းတို့ အပါအ၀င် ကုမ္ပဏီ ၁၃ ခုက အဆိုပြုလွှာတင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားသည်။
ယင်းသို့ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းရန်အတွက် အဆိုပြုလွှာများ လက်ခံသည့် ရက်အား သြဂုတ် ၃၁ ရက်တွင် နောက်ဆုံး သတ်မှတ်ထားခြင်း ဖြစ်သည်။
အဆိုပြုလွှာတင်ခဲ့သည့် ကုမ္ပဏီများတွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး၊ ရွှေဧည့်သည်၊ မေတ္တာလှိုင်း၊ မထသ(မြို့တွင်း)၊ မထသ (တောင်ပိုင်းခရိုင်)၊ ၄၅ ယာဉ်လိုင်းအား အခြေခံသည့် ကုမ္ပဏီစသည်တို့အပြင် သန်မြန်သူ၊ စံဝေလ၊ ရွှေရန်ကုန်၊ ကန္တာရ၀တီစသည့် ယာဉ်လိုင်းများကလည်း ကုမ္ပဏီများဖွဲ့စည်းရန် ကြိုးပမ်းနေကြောင်း ဒေါက်တာမောင်အောင်၏ ပြောကြားချက်အရ သိရသည်။
အဆိုပြုလွှာတင်ခဲ့သည့် ကုမ္ပဏီ ၁၃ ခု အနက်မှ ကုမ္ပဏီ မည်မျှကိုခွင့်ပြုမည်ဆိုသည်ကို အစည်းအဝေးပြန်ထိုင်၍ ဆုံးဖြတ်မည်ဖြစ်ပြီး လျှောက်ထားလာသည့် ကုမ္ပဏီများထဲမှ အင်အားနည်းသည့် ကုမ္ပဏီများကို နိုင်ငံတော်ဘက်က ရှယ်ယာထည့်ဝင်နိုင်ရန် စဉ်းစားနေကြောင်း သိရသည်။
“အခုထိ ကုမ္ပဏီ ၁၃ ခု လျှောက်ထားတယ်။ ၁၃ ခုစလုံးကိုတော့ လုပ်ခွင့်ပြုချင်မှပြုမှာ။ ဘယ်နှခုခွင့်ပြုမယ်ဆိုတာ အစည်းအဝေး ပြန်ထိုင်ရဦးမှာ။ အခုတင်တဲ့အထဲမှာ အချို့က အင်အားသိပ်မရှိတာတွေပါတော့ သူတို့ကို ပေါင်းသင့်ရင် ပေါင်းရမှာ။ ဘာလို့လဲဆိုတော့ ကုမ္ပဏီဖွဲ့မယ့်သူက အနည်းဆုံး ကားအစီးရေ ၂၀၀ လောက်ရှိဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကလိုင်းတစ်လိုင်းကို တာဝန်ယူရမှာလေ။ ဒါကြောင့် အင်အားနည်းတာတွေကို ပေါင်းခိုင်းမယ်။ အင်အားနည်းတာတွေကို နိုင်ငံတော်ဘက်က ရှယ်ယာထည့်ဖို့ စဉ်းစားနေတယ်။ အင်အားကြီးတဲ့ ကုမ္ပဏီတွေ ဆိုရင်တော့ ဒီအတိုင်းပဲထားမှာပေါ့။ ဥပမာ-ဗန္ဓုလလိုဟာမျိုး၊ ကျော်နေ၀င်းတို့ မေတ္တာလှိုင်းလိုမျိုး၊ ရွှေဧည့်သည်လိုဟာမျိုးကတော့ ထည့်စရာ မလိုဘူးပေါ့” ဟု ဒေါက်တာ မောင်အောင်က ဆိုသည်။
ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ တည်ထောင်သူများ အနေဖြင့် ခရီးသည်တင်ယာဉ် အစီးရေ ၂၀၀ ရှိမှသာ အများပိုင် ဖွဲ့စည်းခွင့်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်ဟု သိရသည်။
အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းပြီး ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီး ၂၀ ခုတွင် အများပိုင် ကုမ္ပဏီများ၏ ခရီးသည်တင်ယာဉ်လိုင်းများသာ ပြေးဆွဲမည့် အစီအစဉ်ကို လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
အများပိုင်ကုမ္ပဏီများဖြင့် ခရီးသည် ပို့ဆောင်ရေးသို့ ပြောင်းလဲပြီးပါက ယာဉ်စီးခများကို ငွေသားဖြင့် မဟုတ်ဘဲ ကတ်ဖြင့် ပေးချေသည့် စနစ်များကိုသာ အသုံးပြုသွားမည် ဖြစ်ပြီး ယင်းအတွက် လျှောက်ထားသည့် ကုမ္ပဏီများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က စိစစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Eleven Media Group
Thursday, September 1, 2016
ရန်ကုန်ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီများအဖြစ် ပြောင်းလဲရန် ဗန္ဓုလ၊ ရွှေဧည့်သည်၊ မေတ္တာလှိုင်းယာဉ်လိုင်းတို့ အပါအ၀င် ကုမ္ပဏီ ၁၃ ခု အဆိုပြုလွှာတင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment