Wednesday, August 31, 2016

ဒေသခံ တိုင်းရင်းသားတို့၏ ဆန္ဒမပါသော သံလွင်ရေကာတာ စီမံကိန်းအား ဆက်လက် အကောင်အထည်ဖော်မည်ဆိုပါက ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ကြေညာချက် ထုတ်ပြန်

ဒေသခံ တိုင်းရင်းသား ပြည်သူလူထု ဆန္ဒမပါသော သံလွင်ရေကာတာ စီမံကိန်းအား ဆက်လက် အကောင်အထည် ဖော်မည်ဆိုပါက တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ၍ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) က သြဂုတ် ၂၉ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
CSSU တွင် ရှမ်းတိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင် အဖွဲ့များ ပါဝင်သည်။ အဆိုပါ ကြေညာချက်တွင် သံလွင်မြစ်သည် ကမ္ဘာ့အရှည်ဆုံး မြစ်ကြီးများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး လွတ်လပ်စွာ စီဆင်းနေသော မြစ်တစ်စင်းဖြစ်ကြောင်း၊ ယခုအခါ ဒေသခံ ပြည်သူလူထု၏ ကန့်ကွက်နေသည့်ကြားမှ ရှမ်းပြည်နယ်အတွင်း ကွမ်းလုံ၊ နောင်ဖာနှင့် တာဆန်းရေကာတာတို့ကို တည်ဆောက်ရန် စိုင်းပြင်းလျက် ရှိသည့်အပြင် ကယားပြည်နယ်၌ ရွာသစ်နှင့် ကရင်ပြည်နယ် အတွင်း၌ ဟတ်ကြီးရေကာတာတို့ကို စတင် အကောင်အထည် ဖော်လျက်ရှိကြောင်း ရှမ်းအရပ်ဘက် အဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်အရ သိရကြောင်း၊ လျှပ်စစ်ဓာတ်အား စုစုပေါင်း မဂ္ဂါဝပ် ၁၅၀၀၀ ထုတ်လုပ်ရန်အတွက် တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ အဓိက ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်မည့် သံလွင်ရေကာတာ စီမံကိန်း ခြောက်ခုသည် သံလွင်မြစ်ပေါ်တွင် မှီခိုနေရသည့် တိုင်းရင်းသား ပြည်သူလူထု၏ အနာဂတ်နှင့် သံလွင်မြစ်ဝှမ်းဒေသ၏ ကြွယ်ဝလျက်ရှိသော သဘာဝသက်ရှိ ဖြစ်တည်နေမှု အမျိုးမျိုးကို ခြိမ်းခြောက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးမသွားရောက်မီ မြန်မာအစိုးရသည် လျှပ်စစ်စွမ်းအင် လိုအပ်ချက်အတွက် သံလွင်မြစ်ပေါ်၌ ရေကာတာများ တည်ဆောက်မည့် အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ဤရေကာတာများမှ ထွက်ရှိလာမည့်  လျှပ်စစ်ဓာတ်အား အများစုကို တရုတ်နှင့် အခြား အိမ်နီးချင်းနိုင်ငံများသို့ အဓိက ပို့လွှတ် ရောင်းချသွားမည်ဖြစ်သည်ဟု သိရကြောင်း၊  တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်းရှိ သံလွင်မြစ် (နုမြစ်) ပေါ်တွင် တည်ဆောက်မည့် ရေကာတာသည် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့် အတွက် တရုတ်အစိုးရက ဆိုင်းငံ့ထားပြီး ၎င်းတို့၏ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံ အပိုင်းရှိ သံလွင်မြစ်ကို အသုံးချခွင့်ရရန် ပြုလုပ်နေခြင်း အပေါ် အစိုးရအနေဖြင့်  အရေးတကြီး ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း CSSU ၏ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ထုတ်ပြန်ချက်တွင် အကြီးစား ရေကာတာ စီမံကိန်းများသည် ပြည်သူလူထု၏  အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ခြိမ်းခြောက်နေသည့်အပြင် သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကို ပျက်စီးယိုယွင်းစေသည့်အတွက် အစိုးရအနေဖြင့် မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်လည်သုံးသပ် ရွှေ့ဆိုင်းသကဲ့သို့ သံလွင်ရေကာတာ စီမံကိန်းကိုလည်း ပြန်လည် သုံးသပ်ပေးရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များသည် လျင်မြန်စွာ ပျက်စီး ယိုယွင်းလျက်ရှိကြောင်း၊ ပညာရှင်များ၊ သုတေသန အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝ ဘေးအန္တရာယ် ထိခိုက်မှု အဆိုးရွားဆုံး ခံစားရသည့် ၁၀ နိုင်ငံစာရင်း၌ ဒုတိယနေရာတွင် ရောက်ရှိနေသည့်အပြင် ရာသီဥတု ပြောင်းလဲခြင်း၏ ထိခိုက်မှုဒဏ်ကို အဆိုးဆုံးခံရမည့် နိုင်ငံများ စာရင်းတွင်လည်း ဒုတိယနေရာသို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

သံလွင်ရေကာတာ စီမံကိန်း ခြောက်ခုလုံးသည် ရေကာတာ တည်ဆောက်ရာတွင် လိုက်နာကျင့်သုံးရမည့် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ညီညွတ်မှု မရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် စီမံကိန်း အကျိုးသက်ရောက်မှုကို ခံစားရမည့်  ဒေသခံပြည်သူများ၏ အခွင့်အရေးများကို ဂရုပြု အလေးထားခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါစီမံကိန်း၏ ဆိုးကျိုးသက်ရောက်မှုကို အများဆုံး ခံစားရမည့်သူများမှာ စီမံကိန်းတည်ရှိရာ ဒေသအတွင်းရှိ ဒေသခံပြည်သူများ ဖြစ်သော်လည်း စီမံကိန်းမှ ရရှိလာမည့် လျှပ်စစ်ဓာတ်အား အများစုသည် အိမ်နီးချင်း နိုင်ငံများအတွက်သာ ဖြစ်သဖြင့် သံလွင်မြစ်ဝှမ်း တစ်လျှောက်ရှိ ရေကာတာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ပွင့်လင်းမြင်သာစွာဖြင့် ကြောင်းကျိုးဆီလျော်မည့် သတင်း အချက်အလက်များကို ပြည်သူလူထုထံ တင်ပြကာ သဘောတူညီမှုရယူရန် အလွန်အရေးကြီးကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ထို့အတူ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ယုံကြည်မှု တည်ဆောက်နေသည့် အချိန်ကာလတွင် ဤအကြီးစားရေကာတာ စီမံကိန်းများကို ရပ်တန့်ထားရန် အရေးကြီးကြောင်း၊ သဘာဝ အရင်းအမြစ်များကို ပိုင်ဆိုင်ခွင့်၊ အသုံးချခွင့်၊ ၎င်းမှ ရရှိလာသော အကျိုးအမြတ်များကို မျှဝေအသုံးပြုခွင့်ဆိုင်ရာ အငြင်းပွားမှုများသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကို ဖြစ်စေသော အဓိက အကြောင်းရင်း ဖြစ်ပြီး အဆိုပါ ပြဿနာကို အကျေအလည် ညှိနှိုင်းအဖြေရှာခြင်း မပြုလုပ်နိုင်မီ ကာလတွင် ဤစီမံကိန်းကြီးများကို ရှေ့တိုးအကောင်အထည် ဖော်သွားပါက ပြည်တွင်းပဋိပက္ခများ ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားဒေသအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ ရပ်တန့်ခြင်း မရှိသေးဘဲ အစိုးရ အနေဖြင့် ရေကာတာ စီမံကိန်းကို ရှေ့တိုးလုပ်ဆောင်နေခြင်း အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ချက်တွင် ပါရှိသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment