Friday, July 8, 2016

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ၀န်ကြီးချုပ် ဟွန်ဆန် မိသားစုက ထိန်းချုပ်ထားဟု ဆို

ကမ္ဘောဒီးယားနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအမျိုးပေါင်း ၂၀ ခန့်ကို လုပ်ကိုင်နေသော ပုဂ္ဂလိကကုမ္မဏီပေါင်း ၁၁၄ ခုမှာ ၀န်ကြီးချုပ်ဟွန်ဆန် မိသားစုပိုင် သို့မဟုတ် တစ်စိတ်တစ်ဒေသထိန်းချုပ်ထားခြင်းဖြစ်ကြောင်း Global Witness အဖွဲ့ကြီးက ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။ စုစုပေါင်း ကန်ဒေါ်လာ သန်း ၂၀၀ ကျော် မတည်ငွေရှိသည့် ယင်းလုပ်ငန်းများမှာ ၀န်ကြီးချုပ်ဟွန်ဆန် မိသားစုနှင့်  ပတ်သက်နေကြောင်း သိရသည်။

အဆိုပါ ကုမ္မဏီများမှာလည်း နိုင်ငံတကာမှ နာမည်ကျော် ကုမ္မဏီကြီးဖြစ်ကြသည့် Apple ၊ Nokia ၊ Visa ၊ Unilever ၊ Nestle ၊ Durex နှင့် Honda တို့နှင့် ချိတ်ဆက်မှုရှိနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အထက်ပါ ပြည်တွင်းရှိ ပုဂ္ဂလိက ကုမ္မဏီများထဲမှ ၉၀ ရာခိုင်နှုန်းခန့်တွင် ဟွန်ဆန်မိသားစုဝင် တစ်ဦးဦး ပါဝင်ပတ်သက်နေပြီး ၎င်းတို့မှာ ဥက္ကဌ၊ အမှုဆောင်ဒါရိုက်တာ၊ ရှယ်ယာရှင် အစရှိသည့် ပတ်သက်မှုပုံစံမျိုးဖြင့် ရှိနေကြောင်း ဖွင့်ချသွားခဲ့သည်။
ခိုင်လုံသော သတင်းများအရ ဟွန်ဆန် မိသားစုဝင်များသည် ယင်းကုမ္မဏီများနှင့် ချိတ်ဆက်မှုရှိနေခြင်းကို ဖုံးကွယ်ကာ ၎င်းတို့ကိုယ်စား ကိုယ်စားလှယ်များဖြင့် ခန့်ထားလုပ်ကိုင်နေခဲ့ခြင်းဖြစ်ကြောင်းလည်း ယင်းအစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
သို့သော် အဆိုပါ သတင်းများနှင့်ပတ်သက်၍ ကမ္ဘောဒီးယားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပယ်ချသွားပြီး ယင်းထုတ်ပြန်ချက်မှာ အခြေအမြစ်မရှိလှဘဲ မှားယွင်းကြောင်း ပြောဆိုသွားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးသော နိုင်ငံများထဲတွင် ပါဝင်နေပြီး လူဦးရေ ၁၅ သန်းကျော် နေထိုင်လျက်ရှိနေသည်။
Credit To >>> Mizzima Burmese

0 comments:

Post a Comment