
ရန်ကုန်မြို့တော် ဘုန်းကြီးလမ်းနှင့် ဒလမြို့ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းကို ကိုရီးယားမှ ချေးငွေ အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းဖြင့် ၂ဝ၁၇ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်တံတား ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကောင်းချိုက ပြောကြားသည်။
“တံတားစီမံကိန်းအတွက် အတိုင်ပင်ခံ ကော်မတီလည်း ဒီလထဲမှာ ရွေးမှာပါ။ ဒီဇိုင်းရွေးဖို့က ခြောက်လကနေ ရှစ်လလောက် ကြာနိုင်ပါတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အခုအားလုံး အဆင်ပြေသွားပါပြီ။ လျော်ကြေးငွေတွေလည်း အကုန်ပေးပြီးပါပြီ”ဟု ၎င်းက ရှင်းပြသည်။
ယင်းတံတား အရှည်မှာ စုစုပေါင်း ၆၁၄၄ ပေ၊ တံတား အမျိုးအစားမှာ ကြိုးဆိုင်းတံတား လေးလမ်းသွား၊ အမြင့်ပေမှာ ၁၆ဝ ရှိ၍ တံတားစီမံကိန်းကို ကိုရီးယားနိုင်ငံမှ Korea Engineering Consultant ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ E Guard Enviromental Service ကုမ္ပဏီတို့က တာဝန်ယူ ဆောက်လုပ် သွားမည်ဖြစ်ကာ တံတားတည်ဆောက်မည့် ကန်ထရိုက်တာကိုလည်း ကိုရီးယားနိုင်ငံမှ ကုမ္ပဏီတစ်ခုကို ရွေးချယ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ချေးငွေဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းမှာ ဆိုင်းငံ့ကာလ ၁၅ နှစ်ပါဝင်ပြီး နှစ် ၄ဝ အတွင်း အကျေ ပေးဆပ်ရမည်ဖြစ်ကာ အတိုးနှုန်းမှာ သုည ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ခန့်မှန်းကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
Credit To >>> The Voice Weekly
0 comments:
Post a Comment