ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းသော တပ်မတော် မဟုတ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ စာရင်းကို ကုလသမဂ္ဂ သတင်းပြန်ကြားရေး (UNIC) ကထုတ်ပြန်ကြေညာသည်။
မတ်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်မြို့အခြေစိုက် UNIC က ထုတ်ပြန်ချက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ်များကို တပ်သားအဖြစ် ခေါ်ယူစုဆောင်း အသုံးပြုခြင်းကို အကြိမ်ကြိမ်ကျူးလွန်ခဲ့သည် အဖွဲ့အစည်းများတွင် တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခုနှစ်ဖွဲ့ကိုပါ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့တွင် အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့ကို ထည့်သွင်းဖော်ပြထားသည်။
ထို့အပြင် ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ သုံးဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ကိုလည်း ကလေးစစ်သား စုဆောင်းခြင်းပြုလုပ်သော အဖွဲ့များအဖြစ် ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ ဗိုလ်မှူး အဆင့်ရှိသူတစ်ဦးက “ လက်နက်ကိုင် ပဋိပက္ခဖြစ်နေရင်တော့ အဲဒီနေရာမှာရှိတဲ့ ဒေသခံ ကလေးငယ်တွေအတွက် စိုးရိမ်စရာရှိတာပေါ့၊ ဘာကြောင့် အသက်ငယ်ငယ်နဲ့ လက်နက်ကိုင်နေရသလဲဆိုတာ သူရဲ့ ပတ်ဝန်းကျင် အနေအထားနဲ့ အဓိက သက်ဆိုင်တာပေါ့လေ၊ ကျွန်တော်တို့ဆီကတော့ ဒီလိုမျိုး စုဆောင်းတာကို လက်မခံပါဘူး” ဟု မှတ်ချက်ပြုသည်။
ထို့အပြင် ယင်းအဖွဲ့များတွင် ကလေးစစ်သား အသုံးပြုမှု ရပ်တန့်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံရှိ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုများ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးအထူး တာဝန်အဖွဲ့ CTFMR ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။
အလားတူ ၂ဝ၁၂ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံအစိုးရသည် ကုလသမဂ္ဂနှင့်အတူ ပူးတွဲလုပ်ငန်းဆောင်ရွက်မှုစီမံချက် (Joint Action Plan) ကို သဘောတူလက်မှတ် ရေးထိုးပြီးသည့်အချိန်မှ ယနေ့အထိ ကလေးသူငယ် စုစုပေါင်း (၇၄၄)ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း UNIC ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းသို့ အရွယ်မရောက်သေးသူများကို တပ်သားအဖြစ် စုဆောင်းခဲ့ခြင်းတွင် တာဝန်ရှိသူ အရာရှိ ၇၃ ဦး နှင့် စစ်သည် ၃ဝ၉ ဦးကိုလည်း တပ်မတော်စည်းကမ်းနှင့် အညီ အရေးယူခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
Credit To >>> The Voice Weekly
0 comments:
Post a Comment