Tuesday, March 15, 2016

အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ဥရောပနှင့်ရုရှား ပူးတွဲလွှတ်တင်


ဥရောပနှင့်ရုရှားတို့၏ ပူးတွဲအာကာသစူးစမ်းလေ့လာ ရေးအစီအစဉ်အရ အင်္ဂါဂြိုဟ်လေ့လာရေးအာကာသယာဉ် တစ်စင်းကို မတ် ၁၄ ရက်တွင် လွှတ်တင်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။


အိပ်ဇိုမားစ်အမည်ရှိ ပူးတွဲအာကာသစူးစမ်းလေ့လာ ရေးအစီအစဉ်အရ အင်္ဂါဂြိုဟ်၌ သက်ရှိများ ရှိ၊ မရှိ စူးစမ်း လေ့လာမည်ဖြစ်သည်။ အိပ်ဇိုမားစ် ၂ဝ၁၆ အမည်ရှိ အာကာသယာဉ်ကို တင်ဆောင်ထားသော ပရိုတွန်-အမ် ဒုံးပျံယာဉ်သည် ကာဇက်စတန်နိုင်ငံ ဘေကိုနူးအာကာသစခန်းမှ လွှတ်တင် ခဲ့သည်။

အိပ်ဇိုမားစ် အာကာသယာဉ်သည် အာကာသအတွင်း ခုနစ်လကြာ ခရီးနှင်မည်ဖြစ်သည်။ အာကာသ ယာဉ်နှင့်အတူ လေထုလွှာစူးစမ်းလေ့လာရေးကိရိယာ ပါရှိပြီး မီသိန်းကဲ့သို့သော ဓာတ်ငွေ့များကို စူးစမ်းလေ့လာ မည်ဖြစ်သည်။ မီသိန်းဓာတ်ငွေ့သည် ကမ္ဘာမြေပေါ်တွင် သက်ရှိတို့နှင့် နီးနီးစပ်စပ်ဆက်နွှယ်မှုရှိသော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည်။

ယခင် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ်များသည် အင်္ဂါဂြိုဟ်၏လေထုလွှာအတွင်း မီသိန်းဓာတ်ငွေ့ပါဝင်မှုကို ထောက်လှမ်းတွေ့ရှိခဲ့သည်။ မိမိတို့၏ နေစကြဝဠာအတွင်း သက်ရှိတို့ မည်ကဲ့သို့ အစပြုဖြစ်ပေါ်ခဲ့သည်ကို လေ့လာလိုသဖြင့် အင်္ဂါဂြိုဟ်ကို စိတ်ဝင်စားခြင်းဖြစ်ကြောင်း ဂျာမနီအာကာသအေဂျင်စီ၏အမှုဆောင်ဘုတ်အဖွဲ့ဥက္ကဋ္ဌ ပါစကယ်အာရင်ဖရန်က ဥရောပအာကာသအေဂျင်စီ၌ ပြုလုပ်သော အာကာသ ယာဉ်လွှတ်တင်မှုအထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည်။

လွှတ်တင်လိုက်သော အာကာသယာဉ်နှင့်အတူ ဂြိုဟ်ဆင်းယာဉ်တစ်စင်းပါရှိပြီး ၂ဝ၁၈ ခုနှစ်တွင် အင်္ဂါဂြိုဟ်မျက်လွှာပြင်ပေါ် မောင်းနှင်နိုင်မည့်ယာဉ် ထပ်မံစေလွှတ်နိုင်ရေးအတွက် လိုအပ်သည့်နည်းပညာ စမ်းသပ်မှုများကို ပြုလုပ်သွားမည်ဖြစ်သည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment