Wednesday, March 16, 2016

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက တင်ပြသည့် ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာန အရေအတွက်နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေသတ်မှတ်ခြင်းကို မတ် ၁၇ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် တင်ပြရန် လျာထား


နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက တင်ပြသည့် ပြည်ထောင်စု အစိုးရ၀န်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ခြင်းကို မတ် ၁၇ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယကက တင်ပြရန် လျာထားကြောင်း သတင်းရရှိသည်။


မတ် ၁၇ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ အစီအစဉ် (လျာထားချက်) အား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေထားကြောင်း သိရသည်။

အဆိုပါ လျာထားချက်တွင် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံထားရသူက တင်ပြသည့် ပြည်ထောင်စု အစိုးရ၀န်ကြီးဌာန အရေအတွက်နှင့် အမည်၊ ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ခြင်းကို ပြည်ထောင်စု လွှတ်တော် နာယကက လွှတ်တော်သို့ တင်ပြခြင်း၊ ထို့နောက် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းများကို ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အစိုးရသစ် အနေဖြင့် သမ္မတရုံး ၀န်ကြီးဌာနတစ်ခု၊ အခြားဝန်ကြီးဌာန ၂၀ ခန့်သာ ထားရှိရန် လျာထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က မတ် ၄ ရက်တွင် ပြောကြားထားသည်။

အဆိုပါ ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများတွင် ၀န်ကြီးနေရာများ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များက ရာခိုင်နှုန်း ၄၀ ခန့်သာ ပါဝင်မည်ဖြစ်ကြောင်း၊ ကျန်ဝန်ကြီးနေရာများတွင် အခြားပါတီများနှင့် ပြင်ပမှ ပညာရှင်များ ခန့်ထားမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားထားသည်။

လက်ရှိ ရှိနေသည့် ၀န်ကြီးဌာန ၃၀ ကျော်အနက် ၀န်ကြီးဌာန ၂၀ ခန့်သို့ လျှော့ချရန် လျာထားသော်လည်း ၀န်ထမ်းများအနေဖြင့် စိတ်ပူရန် မလိုအပ်ကြောင်း၊ အစိုးရ အဖွဲ့ဖွဲ့စည်းရာတွင် အဂတိတရား လိုက်စားမှု ကင်းရှင်းသူများ၊ စေတနာရှိပြီး အရည်အချင်းရှိသူများကို ရွေးချယ်ခန့်ထားမည် ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားထားသည်။

မတ် ၁၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတအဖြစ် ဦးထင်ကျော်၊ ဒုတိယသမ္မတများအဖြစ် ဦးမြင့်ဆွေ၊ ဦးဟင်နရီ ဗန်ထီးယူတို့အား ရွေးချယ်ခဲ့သည်။
Credit To >>> Eleven Media Group 

0 comments:

Post a Comment