Thursday, March 17, 2016

အစိုးရဖွဲ့ပြီးပါက ရက်ပေါင်း ၁ဝဝ အတွင်း လုပ်ဆောင်မည့် ကိစ္စရပ်များကို ကြေညာမည်ဟု NLD ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တင်မြှောက်သော နိုင်ငံတော်သမ္မတ အသစ်က ဦးဆောင်ပြီး အစိုးရတစ်ရပ် ဖွဲ့စည်းမှု ပြီးစီးပါက ရက်ပေါင်း ၁ဝဝ အတွင်း ကိုင်တွယ်ဖြေရှင်းမည့် ကိစ္စရပ်များကို ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က The Voice သို့ ပြောကြားသည်။

အစိုးရသစ်လက်ထက်တွင် ဦးစားပေးလုပ်ဆောင်မည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး The Voice က ဆက်သွယ်မေးမြန်းရာတွင် ၄င်းက ယင်းသို့ပြောဆိုခြင်းဖြစ်သည်။
“ကျွန်တော်တို့ Cabinet (အစိုးရ) ဖွဲ့ပြီးရင်ရက် ၁ဝဝ အတွင်းမှာ ဘာလုပ်မလဲ၊ ၆လ အတွင်းမှာ ဘာလုပ်မလဲဆိုတာ Cabinet ဖွဲ့ပြီး ကြေညာသင့်တဲ့အချိန်မှာ ကြေညာသွားမယ်။ အကုန်လုံးပါမယ်။ မြန်မာတစ်နိုင်လုံးမှာ ဖြစ်နေတဲ့ ကိစ္စတွေ အားလုံးကိုခြုံပြီးတော့ အစီအစဉ်ဆွဲနေပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။
အစိုးရသစ်တွင်ပါဝင်မည့် ဝန်ကြီးဌာနအရေအတွက်ကို မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ဝန်ကြီးဌာန အရေအတွက်ကိုမူလထက် လျှော့ချထားသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ယင်းသို့ အစိုးရသစ်၏ ရက်ပေါင်း ၁ဝဝ အတွင်း လုပ်ဆောင်မည့် ကိစ္စရပ်များတွင် ယခင်အစိုးရ လက်ထက်က ပြီးပြတ်အောင် မဆောင်ရွက်သွားနိုင်ခဲ့သော လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများ၊ လုပ်သမား အခွင့်အရေးဆိုင်ရာများ၊ အမျိုးသားပညာရေး ဥပဒေပြဌာန်းရေးဆိုင်ရာ အကြပ်အတည်းများ၊ စသည်တို့ကို စတင်ဆောင်ရွက်မည်ဟု မျှော်လင့်ရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးခိုင်မောင်ရည်က မှတ်ချက်ပြုသည်။
“လတ်တလော ငါးနှစ်မှာဖြစ်သွားတဲ့ ပြဿနာတွေဟာ နောက်ထပ်ငါးနှစ်မှာ ဘယ်လိုကောင်းအောင် ဆောင်ရွက်သွားနိုင်မလဲ သင်ခန်းစာယူပြီးတော့ နောက်ထပ်ပိုကောင်းအောင် လုပ်သွားနိုင်ဖို့ အဲ့လို ကျွန်တော်မျှော်လင့်တယ်ဗျ”ဟု ၄င်းကဆိုသည်။
ထို့အပြင် NLD ပါတီက အစိုးရ ဖွဲ့စည်ပြီးပါက ရက်ပေါင်း ၁ဝဝ အတွင်း လုပ်ဆောင်မည့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ကိစ္စရပ်များနှင့် ပတ်သက်ပြီး မတ်လ ၅ ရက်နေ့က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း NLD ပါတီ စီးပွားရေးကော်မတီထံမှသိရသည်။
လက်ရှိတွင် NLD ပါတီသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အတွင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်ထားပြီး အစိုးရ အဖွဲ့အတွင်း ဝန်ကြီးဌာနများ ပြင်ဆင် ပြောင်းလဲရေးအတွက် ယနေ့(မတ်လ ၁၇) ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ယင်းပါတီ လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment