ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)သည် ၂ဝဝ၈အခြေခံ ဥပဒေကို အမြန်ဆုံး ပြင်ဆင်ပြောင်းလဲပေးမှသာ တရားစီရင်ရေးစနစ် မှန်ကန်နိုင်မည်ဖြစ်သဖြင့် ကျွန်ုပ်တို့အပေါ် မတရားစွပ်စွဲခံထားရသော ပုဒ်မအားလုံးကို ယခုချက်ချင်း မဆိုင်းမတွ ဖယ်ရှားပယ်ဖြုတ်ပေးပါရန် အပါအဝင် အချက်သုံးချက်ကို လက်ရှိအစိုးရနှင့် နောင်တက်မည့်အစိုးရတို့ထံ တောင်းဆိုလိုက်ကြောင်း ယင်းအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်တစ်ဦးဖြစ်သူ ကိုရဲရင့်ကျော်က ပြောကြားသည်။
အဆိုပါတောင်းဆိုချက်များကို အာဏာပိုင်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့တစ်ခုလုံးသို့ မတ်လ ၁၅ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ အသိပေးတောင်းဆိုလိုက်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
ထို့ကြောင့် ဤကာလမှစ၍ ကျွန်ုပ်တို့အနေနှင့် မတရားသော တရားရုံးများနှင့် ခြစားဖောက်ပြန်နေသော တရားစီရင်ရေးစနစ်ကို အယုံအကြည် လုံးဝမရှိတော့ပေ၊ ဤတရားရုံးများနှင့်တကွ တရားစီရင်ရေးစနစ်၏ တရားမျှတမှု မဲ့နေသော လုပ်ထုံးလုပ်နည်းများနှင့် စီရင်ချက်များကို ကျွန်ုပ်တို့ အသိအမှတ်မပြုတော့ပေ၊ တရားရုံးများတွင် စစ်ဆေးနေဆဲဖြစ်သော အမှုအခင်းများအားလုံးသည် ကျွန်ုပ်တို့နှင့် လုံးဝမသက်ဆိုင်သဖြင့် ဆက်လက် အစစ်ဆေးမခံဘဲ တရားစီရင်ရေးစနစ်ကို အသိအမှတ် မပြုတော့ကြောင်း ကြေညာလိုက်သည်ဟု ယင်းအဖွဲ့ချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါ တောင်းဆိုချက်များမှာ ၂ဝဝ၈ အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းနှင့်လျော်ညီပြီး ဖက်ဒရယ်ပြည်ထောင်စု အကောင်အထည်ဖော်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအဖြစ် အမြန်ဆုံး ပြောင်းလဲပြင်ဆင်ပေးရန်၊အမျိုးသားပညာရေးပြင်ဆင်ရေး တောင်းဆိုချက် (၁၁) ချက်ကို ချက်ချင်း ဆက်လက် အကောင်အထည်ဖော်ပေးရန်နှင့် ကျောင်းသားနှင့် ဝန်းရံပြည်သူများအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အားလုံးအပေါ် မတရားစွဲဆိုထားသော ပုဒ်မများအားလုံးကို ခြွင်းချက်မရှိ ရုပ်သိမ်းပြီး နိုင်ငံရေးအရ နှိပ်ကွပ်ရန် ဖွင့်လှစ်ထားသော တရားခွင်များအားလုံးကို ချက်ချင်းရပ်ဆိုင်းရန်တို့ ဖြစ်သည်။
“သမ္မတ၊ ဒုသမ္မတ ရွေးချယ်တဲ့နေ့နဲ့ ကျွန်တော်တို့ တရားရုံး၊ တရားစီရင်ရေးစနစ်ကို သပိတ်မှောက်တဲ့နေ့ဟာ တူညီနေတာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့သပိတ်မှောက်ဖို့ တိုင်ပင်ဆုံးဖြတ်စီစဉ်ခဲ့တာ ကြာပါပြီ။ စနစ်တကျပြင်ဆင်နေလို့ ဒီရက်မှ စဖြစ်ကြတာပါ”ဟု ယင်းသို့ တရားစီရင်ရေးကို သပိတ်မှောက်ရခြင်းနှင့်ပတ်သက်ပြီး ဖမ်းဆီးခံကျောင်းသား သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်မှိုင်းဆန်းက ဆိုသည်။
ယနေ့ ၂ဝ၁၆ ခုနှစ် မတ်လ ၁၅ရက်နေ့မှစ၍ အုပ်ချုပ်ရေးမဏ္ဍိုင်၏ လွှမ်းမိုးမှု လွန်ကဲသော၂ဝဝ၈ ဖွဲ့စည်းပုံအပါအဝင် မတရားဥပဒေများကြီးစိုးသော လေးပွင့်ဆိုင် ကတိကဝတ်ချိုးဖောက်ခံရသော လက်ရှိတရားစီရင်ရေးကို အယုံအကြည်မရှိ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း မရှိတော့ပါဘူး။
တရားစွဲဆိုခံထားရသော တရားခွင်များအားလုံးတွင် တစ်စုံတစ်ရာ ခုခံချေပ လျှောက်လဲခြင်းများ မပြုလုပ်တော့ပါဘူး ဟု ဖမ်းဆီးခံခေါင်းဆောင်တစ်ဦးဖြစ်သည့် မဖြိုးဖြိုးအောင်က ၄င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
လက်ပံတန်းအကြမ်းဖက် ဖြိုခွင်းမှုဖမ်းဆီးခံ ကျောင်းသားနှင့် ဝန်းရံပြည်သူများသည် သာယာဝတီခရိုင် တရားရုံး၌ မတ်လ ၁၅ရက်နေ့ ရုံးချိန်းမှစတင်ကာ စစ်ဆေးမှုမခံယူဘဲ တရားရုံးကို သပိတ်မှောက်ခဲ့ကြောင်း ယင်းကျောင်းသားများထံမှ သိရှိရသည်။
ယင်းအပြင် မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်ဆည် နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုရဲရင့်ပိုင်မှူးသည် မတ်လ ၁၄ရက်နေ့ ရုံးချိန်းတွင် တရားရုံးခန်းမကို ကျောပေးကာ စစ်ဆေးမခံဘဲ သပိတ်မှောက်ခဲ့ကြောင်း ၄င်းထံမှ သိရသည်။
ယင်းကျောင်းသားနှင့် ဝန်းရံပြည်သူများကို ၂ဝ၁၅ခုနှစ် မတ်လနောက်ဆုံးပတ်၌ လက်ပံတန်းမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်ခဲ့ပြီး သာယာဝတီခရိုင် တရားရုံးတွင် ဆက်လက်စစ်ဆေးလျက်ရှိရာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။
Credit To >>> The Voice Weekly
0 comments:
Post a Comment