မည်သည့်အစိုးရ တက်သည်ဖြစ်စေ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး အပြည့်အ၀ ရ မရ ဆိုသည့် ပေတံဖြင့် တိုင်းတာပြီး စောင့်ကြည့်သွားမည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် က မတ် ၁၃ ရက်တွင် ပြောကြားသည်။
ဦးဘိုကြည်က “ ကျွန်တော်တို့ လက်ရှိ မြန်မာနိုင်ငံ တကယ့်အကောင်းဘက်ကို ပြောင်းဖို့ ဆိုလို့ရှိရင် ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးက အရပ်သားအစိုးရအပေါ်မှာ သစ္စာခံဖို့ လိုပါလိမ့်မယ်။ အဲဒီလို သစ္စာခံမယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို ၈၀ ရာခိုင်နှုန်း ရောက်ပြီလို့ ကျွန်တော်တို့ ပြောလို့ရမှာပါ။ အဲဒီလို သစ္စာမခံဘူးဆိုရင်တော့ ကျွန်တော်တို့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ဖို့ အတော်လေး အလှမ်းဝေးနေသေးတယ်လို့ ဆက်ပြောရမှာပါ။ တကယ်လို့ တပ်မတော် ခေါင်းဆောင်နဲ့ ပြည်ထဲရေးဝန်ကြီး က အရပ်သားအစိုးရရဲ့ သြဇာကို ခံမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ တကယ်ဖွံ့ဖြိုး တိုးတက်မှုတွေ အရမ်းကြီးလာမယ်။ ဂုဏ်သိက္ခာအရ အရမ်းမြင့်လာမယ့်ဟာမျိုးတွေ ရှိတယ်။ အဲဒီလိုပဲ ပြည်သူတွေရဲ့ အခု ဆင်းရဲတွင်းနက်နေတဲ့ ကိစ္စကလည်း နှစ်အနည်းငယ်အတွင်းမှာ ပြန်ပြီးတော့ ခေါင်းဖော်လာနိုင်မယ့် အနေအထားတွေ ရှိတယ်။
ဒါဟာ ပြည်သူတွေ ရလာမယ့်အခွင့်အရေးပါ။ အဲဒီ အခွင့်အရေးကိုတော့ ဒီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးက လက်လွတ်ခံလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု ပြောကြားသည်။
ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ကတော့ ဒီနိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးကို ဦးတည်ပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ နိုင်ငံသားတွေဟာ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးအပြည့်အ၀ ရ မရ အဲဒါကို ကျွန်တော်တို့တိုင်းတာမှာပေါ့။ မည်သည့် အစိုးရပဲ တက်သည်ဖြစ်စေ ကျွန်တော်တို့ကတော့ ဒီနိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး ရ မရဆိုတဲ့ ပေတံနဲ့ ကျွန်တော်တို့ တိုင်းမယ်။အဲဒီလိုပဲ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ ဘယ်လောက်လွတ်မလဲ မလွတ်ဘူးလဲ၊ အဲဒီလိုပဲ ပြည်တွင်းစစ် အချိန်တိုတိုအတွင်းမှာ ရပ်မလား၊ မရပ်ဘူးလား၊ ပြီးလို့ရှိရင် ပြည်တွင်းစစ်ကြောင့် ခံစားရတဲ့သူတွေရဲ့ ဒုက္ခတွေကို အစိုးရနဲ့ ဒီတပ်မတော်ရယ်၊ ပြည်ထဲရေးဝန်ကြီးရယ်က ဘယ်လောက်အထိ ထိထိရောက်ရောက် အကူအညီတွေပေးမလဲ။ ဒီလိုဟာတွေကို ကျွန်တော်တို့ဆက်ပြီးတော့ တိုင်းတာတာတွေ စောင့်ကြည့်တာတွေ ဆက်လုပ်သွားမယ်”ဟု ပြောကြားသည်။
ထို့ပြင် AAPP အနေဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်း လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော်ပါဝင်သည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တရားဝင် အသိအမှတ်ပြုမှုရရှိအောင် ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Eleven Media Group
Wednesday, March 16, 2016
မည်သည့်အစိုးရ တက်သည်ဖြစ်စေ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး အပြည့်အ၀ ရ မရဆိုသည့် ပေတံဖြင့် တိုင်းတာပြီး စောင့်ကြည့်မည်ဟု AAPP တာဝန်ရှိသူ ပြောကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment