Saturday, November 7, 2015

EITI အစီရင်ခံစာတွင် တင်သွင်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တုကဏ္ဍတို့၏ အခွန်ဘဏ္ဍာငွေဆိုင်ရာ စာရင်းအချက်အလက်များ ကုမ္ပဏီ၊ အစိုးရဌာနများထံမှ ရရှိထားပြီး စစ်ဆေးနေ


မြန်မာနိုင်ငံမှ သဘာဝသယံဇာတ ပွင့်လင်းမြင်သာမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံ  (EITI) ဖြစ်စေရန် တင်သွင်းရမည့် အစီရင်ခံစာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တုကဏ္ဍများ၏ အခွန်ဘဏ္ဍာငွေဆိုင်ရာ  စာရင်းအချက်အလက်များ ကုမ္ပဏီ၊ အစိုးရ ဌာနများထံမှ ရရှိထားပြီ ဖြစ်ကြောင်း မြန်မာ EITI ညှိနှိုင်း ဖော်ဆောင်ရေးရုံးမှ သိရသည်။

EITI ဆိုင်ရာ အချက်အလက် ထုတ်ပြန်မှု ပုံစံမူဘောင် (Template) ရေးဆွဲမှုကို ပြုလုပ်နေပြီး ယင်း (Template) သည် သက်ဆိုင်ရာ အစိုးရဌာနများမှ အခွန်ဆိုင်ရာ ရရှိမှု စာရင်းအချက်အလက်များ၊  ကုမ္ပဏီများမှ ပေးဆောင်သည့် အခွန်ငွေတို့ကို ဖော်ပြရသည့် မူဘောင်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ EITI ဆိုင်ရာ အချက်အလက် ထုတ်ပြန်မှုပုံစံ မူဘောင် (Template) တွင် အစိုးရနှင့် ကုမ္ပဏီများမှ ဖြည့်စွက်ထားသည့် ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ မရှိကို  နိုင်ငံတကာ စာရင်းစစ်အဖွဲ့ ဖြစ်သည့် Moore Stephen အဖွဲ့က တိုက်ဆိုင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
“အစိုးရ၊ ကုမ္ပဏီတွေဆီကနေ အခွန်ဘဏ္ဍာငွေဆိုင်ရာ စာရင်းအချက်အလက်တွေကို တောင်းခံထားတာ နိုဝင်ဘာ ၆ ရက်နေ့ နောက်ဆုံးပါ။ စာရင်းအချက်အလက်တွေကို တိုက်ဆိုင် စစ်ဆေးတဲ့အခါမှာလည်း  ကိန်းဂဏန်းဆိုင်ရာတွေက ကွာဟမှုရှိနေရင် ပထမဆုံး ဖြစ်တာကြောင့် ကုမ္ပဏီတွေကို ပြန် Check မယ်။ အစိုးရကိုပြန် Check မယ်။ ဖြည့်စွက်တဲ့အခါမှာ ဘောင်မ၀င်တာတွေ လွဲမှားတာတွေရှိလား။ ကိန်းဂဏန်းတွေ ကျန်ခဲ့တာရှိလား။ အဲဒီနှစ်ချက်ကြောင့် လွဲမှားတာ မဟုတ်ရင် သုံးပွင့်ဆိုင် အစည်းအဝေးမှာ တင်ပြမယ်”ဟု မြန်မာ့ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ ဦးမင်းဇာနည်လင်းက ပြောကြားသည်။
အဆိုပါ အစီရင်ခံစာတွင် အဓိကအားဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကိုတင် သွင်းမည်ဖြစ်ကာ ဒုတိယအနေဖြင့် ကျောက်မျက်ကဏ္ဍ၊ ထို့နောက် သတ္တုကဏ္ဍတို့ကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
“စာရင်းအချက်အလက်တွေ ကိုက်ညီမှု မရှိဘူးဆိုရင်တော့ ဘာကြောင့် ကွဲလွဲနေတာလဲ ဆိုတာကို အကြောင်းတရား ရှာရမယ်။ အဖြေရှာလို့ မရရင်တော့ နိုင်ငံတကာ အတွင်းဝန်ရုံးကို တင်ပြတဲ့အခါ သဘောထားမှတ်ချက်ပေးပြီး ကွဲလွဲနေတဲ့ စာရင်းအချက်အလက်တိုင်း တင်ပြရမှာဖြစ်ပါတယ်”ဟု ဦးမင်း ဇာနည်လင်းက ဆက်လက် ပြောကြားသည်။
အဆိုပါ ကဏ္ဍများအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများ၏ အခွန်ဘဏ္ဍာငွေ စီးဝင်မှုကို ရာခိုင်နှုန်း ၁၀၀ တိုက်ဆိုင် စစ်ဆေးမည်ဖြစ်ကာ သတ္တုကဏ္ဍတွင် ရာခိုင်နှုန်း ၅၀ နှင့် ကျောက်မျက်ကဏ္ဍတွင် ၆၇ ရာခိုင်နှုန်း တိုက်ဆိုင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
အလားတူ ကျောက်မျက်ကဏ္ဍတွင်မူ ကျပ်ဘီလျံ ၁၀ နှင့်အထက် ရသည့်ကုမ္ပဏီများ၊ သတ္တုကဏ္ဍတွင်မူ ကျပ် ၀ ဒသမ ၂၅ ဘီလျံနှင့်အထက် ရရှိသည့်ကုမ္ပဏီများကို အခွန်ဘဏ္ဍာငွေ တိုက်ဆိုင်စစ်ဆေးရန် ထည့်သွင်းထားကြောင်း သိရသည်။
ထို့ပြင် အစီရင်ခံစာတွင် Special Case အနေဖြင့် လက်ပန်းတောင်းတောင် စီမံကိန်း၊ စံပယ်တောင်၊ ကြေးစင်တောင်၊ တကောင်းနီကယ် သတ္တုတွင်းများသည် ပဋိပက္ခဖြစ်ပွားမှု များသည့်အတွက် မြန်မာ-၀မ်ပေါင်၊ ယန်စီနှင့် တကောင်း နီကယ်မိုင်းနင်း ကုမ္ပဏီများအား အခွန်ဘဏ္ဍာငွေ ဖော်ပြရန် ထည့်သွင်းထားကြောင်း သိရသည်။ 

Credit To >>> Eleven Media Group

0 comments:

Post a Comment