Saturday, November 7, 2015

လျှို့ဝှက်မဲပေးမှုစနစ်အား ထိခိုက်မှုမရှိစေရေး မဲရုံအတွင်း ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ခွင့် မပြုရန် ညွှန်ကြားထားသော်လည်း အစိုးရ မီဒီယာများကိုမူ မဲရုံအတွင်း ၀င်ရောက် ရိုက်ကူးခွင့်ပြု


လျှို့ဝှက်မဲပေးမှုစနစ်ကို ထိခိုက်မှုမရှိစေရေး မဲရုံအတွင်း ဓာတ်ပုံဗွီဒီယို ရိုက်ခွင့်မပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အားလုံးသို့ နိုဝင်ဘာ ၅ ရက်က  ညွှန်ကြားထားသော်လည်း အစိုးရမီဒီယာများကိုမူ မဲရုံအတွင်း ၀င်ရောက် ရိုက်ကူးခွင့် ပြုထားကြောင်း နိုဝင်ဘာ ၆ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့၌ ကျင်းပသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲတွင် လွိုင်ကော်ခရိုင် ရွေးကောက်ပွဲအရာရှိ ဦးညီညီမင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ  ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့  လွိုင်ကော်ခရိုင်အတွင်း မဲရုံမှူးအဖြစ် တာဝန် ထမ်းဆောင်မည့် ပညာရေး ၀န်ထမ်းများ တက်ရောက်ခဲ့ကြရာ လွိုင်ကော်ခရိုင်ရွေး ကောက်ပွဲ အရာရှိ ဦးညီညီမင်းက အစိုးရမီဒီယာများ မဲရုံအတွင်း ၀င်ရောက် ရိုက်ကူးခွင့်ပြုရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးညီညီမင်းက “မီဒီယာများအနေနဲ့  ပွင့်ပွင့်လင်းလင်း ပြောရရင် အထဲဝင်လို့မရပါဘူး။ ပြန်ဆက်က အစိုးရကနေ သတင်းထုတ်ပြန်မယ့် အစိုးရမီဒီယာကလွဲ၍ ကျန်တဲ့မီဒီယာများသည် သက်ဆိုင်ရာမဲရုံရဲ့ ပြင်ပမှာ နေရမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
နိုဝင်ဘာ ၅ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုင်းဒေသကြီးနှင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအားလုံးသို့ ညွှန်ကြားထားသည့်စာတွင် မဲဆန္ဒရှင်များအနေဖြင့် မဲရုံအတွင်းသို့ လက်ကိုင် ဖုန်းများ ယူဆောင်ခွင့် ပြုရန်နှင့် လျှို့ဝှက်မဲပေးမှုစနစ်ကို ထိခိုက်မှု မရှိစေရေးအတွက် မဲရုံအတွင်း ဓာတ်ပုံဗွီဒီယို ရိုက်ခြင်းအား လုံးဝ (လုံးဝ) ခွင့်မပြုရန်၊  မီဒီယာ သက်သေခံ ကတ်ပြားများ ချိတ်ဆွဲထားသော ပြည်တွင်းပြည်ပ မီဒီယာသမားများအနေဖြင့် မဲရုံပရိဝုဏ်အတွင်းမှသာ သတင်းရယူခြင်းနှင့် ဓာတ်ပုံဗွီဒီယိုရိုက်ခြင်းတို့ ခွင့်ပြုသွားရန်နှင့် မဲရုံအတွင်းသို့  ၀င်ရောက်၍ ဓာတ်ပုံဗွီဒီယိုရိုက်ခြင်းအား ခွင့်မပြုရန် စသည့်အချက်များ ရေးသားထားပြီး အစိုးရမီဒီယာအား မဲရုံအတွင်း ၀င်ရောက် ရိုက်ကူးခွင့်ပြုရန် ဆိုသည့် စာသား ရေးသား ထားခြင်းမရှိပေ။
ဦးညီညီမင်းက “အစိုးရမီဒီယာက ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သူသတင်းထုတ်ပြန်ရမယ်။ အစိုးရမီဒီယာကို ပေးဝင်တယ်ဆိုတာကလည်း အစအဆုံး ပေးဝင်တာ မဟုတ်ဘူး။ သူက ဥပမာ မဲရုံတစ်ခုရဲ့ မှတ်တမ်း ဓာတ်ပုံရရင် သူလည်းပြီးပြီ။ အစိုးရမီဒီယာက အစိုးရပိုင်းက သတင်း ဖြန့်ချိပေးရမှာမို့လို့လေ။ ကျန်တဲ့မီဒီယာကတော့ အပြင်မှာပဲ နေရမယ်။ အထဲထဲမှာ ၀င်ခွင့်ရှိတာက မဲရုံမှူးရဲ့ ခွင့်ပြုချက်နဲ့ မဲရုံမှူးနဲ့ ညှိနှိုင်းပြီးတော့ ခင်ဗျားတို့ အထဲမှာဝင်ပြီး လေ့လာလို့ရပါတယ်။ အဲဒီမှာတော့  ဓာတ်ပုံမရိုက်ရတို့ ဖုန်းမပြောရ တို့ မဲရုံမှာတော့ အားလုံးကန့်သတ်ထားပါတယ်”ဟု ပြောကြားသည်။
 
 
Crefdit To >>> Eleven Media Group
 

0 comments:

Post a Comment