Saturday, October 31, 2015

လျှပ်စစ်ကီလိုဝပ် ၁၃၄ သန်းထုတ်နိုင်မည့် အထက်ဘီလူးချောင်းရေအား လျှပ်စစ်စီမံကိန်းကို ၂၀၁၈ ခုနှစ်အပြီး ပြန်လည်လုပ်ကိုင်မည်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အင်းတိန်ရွာအနီးတွင်ရှိသော အထက်ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းတစ်နေရာကို တွေ့ရစဉ်။အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
နှစ်နှစ်အကြာ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရ သည့် အထက်ဘီလူးချောင်းရေအားလျှပ်စစ်
စီမံကိန်းကို တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်ကာ ၂၀၁၈ ခုနှစ်အပြီး
လုပ်ကိုင်သွားမည်ဖြစ်ကြောင်း စွမ်းအင်သစ် အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်
(Neo Energy Oasis Development Co., Ltd) အမှုဆောင်ဒါရိုက်တာ ဦးအေးသိန်းက
မီဒီယာများကိုပြောသည်။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အင်းတိန်ရွာ အနီးတွင်တည်ရှိသော ၎င်းရေအားလျှပ်စစ်စီမံကိန်း
သည် ၂၀၁၁ ခုနှစ်တွင် စွမ်းအင်သစ်အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်က BOT
စနစ်ဖြင့် လုပ်ကိုင်ခဲ့ကာ ရင်းနှီး မြှုပ်နှံငွေအခက်အခဲများကြောင့် ၂၀၁၃ ခုနှစ်တွင် ရပ်နား
ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ၂၀၁၅ ခုနှစ်က စတင်၍ အစိုးရနှင့် ပုဂ္ဂလိက အကျိုးတူ
ရင်းနှီးမြှုပ်နှံမှု ပုံစံဖြင့် ပြန်လည်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်က
အင်းတိန် ရွာတွင်ပြုလုပ်သော ၎င်းစီမံကိန်း၏ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားမှု
အသိပေးရှင်းလင်းပွဲတွင်ပြောသည်။ ၎င်းရေအားလျှပ်စစ်စီမံကိန်းသည် ရင်းနှီး မြှုပ်နှံငွေပမာဏ
ကျပ် ၅၂ ဘီလျံကုန်ကျခံတည်ဆောက်မည်ဖြစ်ပြီး တစ်နှစ်လျှင် လျှပ်စစ် ကီလိုဝပ်နာရီပေါင်း
၁၃၄ သန်းကို ထုတ်လုပ်နိုင်ရန် လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ဦးအေးသိန်းက
ဆက်လက်ပြောသည်။
ထို့အတူ လျှပ်စစ်ဓာတ်အားများကိုလည်း နိုင်ငံတော်မဟာ ဓာတ်အားလိုင်းအတွင်းသို့
ထည့်သွင်းကာ တစ်နိုင်ငံလုံးသို့ ပြန်လည်ဖြန့်ဖြူးသွားမည့် စီမံကိန်းဖြစ်ကြောင်း ပြောသည်။
"စီမံကိန်းပုံစံက ထွက်လာတဲ့ဓာတ်အား တွေကို အစိုးရကိုပြန်ပြီးရောင်းပေးသွားရ
မယ့်ပုံစံဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရက ဘယ်ဈေးနဲ့ ၀ယ်ယူသွားမယ်ဆိုတာတော့
မသိရသေးပါဘူး။ နှစ် ၆၀ စီမံကိန်းဖြစ်တဲ့အတွက် ပြီးရင် နိုင်ငံတော်ကို ပြန်ပြီးလွှဲအပ်ပေးသွား
ရမှာဖြစ်ပါတယ်။ စီမံကိန်းပုံစံ ကလည်း အစိုးရက ၄၀ ရာခိုင်နှုန်း၊ ကုမ္ပဏီက ၆၀ ရာခိုင်နှုန်းနဲ့
ဖက်စပ်အသွင်နဲ့ ဖြစ်လာပါတယ်" ဟု ဦးအေးသိန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
နိုင်ငံတော်အစိုးရသည် အဆိုပါစီမံကိန်းအတွက် လိုအပ်သည့် ချေးငွေများကိုလည်း
နိုင်ငံတော်ပိုင်ဘဏ်များမှ တစ်ဆင့်ထုတ်ပေး နေလျက်ရှိသည်ဟုလည်း ဦးအေးသိန်းက
ပြောသည်။ ဘီလူးချောင်းသည် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့အနောက်ဘက် နှစ်မိုင်အကွာမှ
မြစ်ဖျားခံစီးဆင်းလာကာ ညောင်ရွှေမြို့နယ်၊ အင်းတိန်ရွာအနီးရှိ အင်းလေးကန်အတွင်းသို့
စီးဝင်ခြင်းဖြစ်သည်။ ထို့အတွက် ၎င်း ရေအားလျှပ်စစ်စီမံကိန်းမှတစ်ဆင့် သဘာဝ ပတ်ဝန်းကျင်
ထိခိုက်မှုနည်းပါစေရန် ရေ လှောင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း မဟုတ်ဘဲ ရေလွှဲယူသည့်
စနစ်ဖြင့်ဆောင်ရွက် ကာ အင်းလေးကန်အတွင်းသို့ ရေများ ပြန်လည် ရောက်ရှိစေသည့်
ပုံစံဖြင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း စွမ်းအင် သစ် အိုအေစစ်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ
လီမိတက် ဒါရိုက်တာဦးနိုင်ဝင်းက မီဒီယာ များကိုပြောသည်။ အဆိုပါစီမံကိန်းသည်
ဓာတ်အားပေးစက်ရုံနှစ်ခုပါဝင်မည်ဖြစ်ကာ အမှတ်(၁)ဓာတ် အားပေးစက်ရုံမှ ကီလိုဝပ်နာရီ
သန်းပေါင်း ၉၀ ကျော်နှင့် အမှတ်(၂)ဓာတ်အားပေးစက်ရုံမှ ကီလိုဝပ်နာရီသန်းပေါင်း ၄၄
ဒသမ ၃ တို့ကို အသီးသီးထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေလျက်ရှိပြီး၊ ၎င်းစီမံကိန်းအတွက်
တည်ဆောက်ရေးလုပ်ငန်းအချို့ကို ဂျပန်နိုင်ငံ နီပွန်ကိုအိကုမ္ပဏီ (Nippon Koei Co., Ltd )ကို
ငှားရမ်းကာ ၎င်းတို့၏ နည်းပညာများဖြင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးအေးသိန်းက ပြောသည်။
မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၄,၀၀၀
ကျော်ကို ထုတ်လုပ်နေလျက် ရှိကာ ပြည်တွင်းသုံးစွဲမှုပမာဏသည် မဂ္ဂါဝပ် ၂,၅၀၀
ကျော်ရှိနေခြင်းဖြစ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံကိန်း
ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးတင့် လွင်ဦးက ၎င်းပွဲတွင် ပြောသည်။
ထို့အတူ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှုအရ နှစ်စဉ်လျှပ်စစ်ဓာတ် အားလိုအပ်ချက်သည်
၁၃ ရာခိုင်နှုန်း တိုးမြှင့် လျက်ရှိကြောင်းလည်း ၎င်းပြောသည်။ "တိုးလာနေတဲ့လျှပ်စစ်
ဓာတ်အားလိုအပ် ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ဆိုရင် ဓာတ်အားပေးစက်ရုံတွေကို
တည်ဆောက်မှသာဖြစ်နိုင်မှာပါ။ ရေအားလျှပ်စစ်စီမံကိန်းတွေ ကတော့ တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ သက်သာတဲ့ လျှပ်စစ်ဓာတ်အားကိုသုံးစွဲနိုင် တဲ့ သဘာဝအရင်းအမြစ်ဖြစ်ပါ
တယ်။ ဒါပေမဲ့ လည်း နွေရာသီမှာဆိုရင် ဓာတ်အားထုတ် လုပ်နိုင်မှုက ကျဆင်းသွားတဲ့
အတွက် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တွေနဲ့ ဓာတ်အားထုတ်လုပ်တာတွေကိုလည်း
လုပ်ကိုင်နေရပါတယ်"ဟု ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်ဦးက ပြောသည်။ ကမ္ဘာ့ဘဏ်
အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ၂၀၁၄ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် စစ်တမ်းများ
အရ မြန်မာနိုင်ငံသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်လိုအပ်ချက်သည် ၇၀ ရာခိုင်နှုန်း ကျော်ကျန်ရှိနေဆဲဖြစ်ကြောင်း ထောက်ပြထားခြင်းလည်းဖြစ်သည်။ ထို့အတူ
စီးပွား ရေးတိုးတက်လာမှုများနှင့် စက်မှုဇုန်များ၊ အထူးစီးပွားရေးများ တိုးမြှင့်အကောင်
အထည်ဖော်လာခြင်းကြောင့် လျှပ်စစ်စွမ်းအင်လိုအပ်ချက် ပိုမိုများလာနေသည်ဟု
စစ်တမ်းများတွင် ဖော်ပြထားသည်။ ၎င်းရေအားလျှပ်စစ်စီမံကိန်းအတွင်းတွင်
ဒေသခံများ၏ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ထားသည့် လျှပ်စစ်ဓာတ်အား
ငါးကီလိုဝပ်ထွက်ရှိသည့် အသေးစားရေအားလျှပ်စစ်တစ်ခုပါဝင်ခဲ့ သည့်အတွက်
ကီလိုဝပ် ၂၀ ထွက် မီးစက် တစ်ခုကိုလည်း ပြန်လည်တည်ဆောက်ကာ ဒေသခံများ
အတွက် မီးပြန်လည်ပေးထားသည် ဟု ယင်းကုမ္ပဏီမှ လက်ထောက်အထွေထွေ
အတွင်းရေးမှူး ဦးဟန်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ယခု ၂၀၁၅ စက်တင်ဘာလအထိတွင် စွမ်းအင်
ကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ရှစ်ခုက ကန်ဒေါ်လာ ၁၉ ဒသမ ၃၂၄ ဘီလျံ
ဝင်ရောက်မြှုပ်နှံထားခြင်းဖြစ်သည်။ ထို့အတူ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသို့လည်း
နိုင်ငံခြားလုပ်ငန်း ၁၅၁ ခုက ကန်ဒေါ် ၁၉ ဒသမ ၆၄၁ ဘီလျံ ၀င်ရောက်မြှုပ်နှံထား
ခြင်းဖြစ်သည်။

Credit To >>> မြန်မာတိုင်းမ် News 

0 comments:

Post a Comment