ဧရာတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ၁၂၄ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆို ထားသော်လည်း မည်သည့်အချက်ကြောင့် အဆိုပါပုဒ်မဖြင့် တရားစွဲဆိုထားသည်ကို ပြောခွင့် မရှိသေးကြောင်း ဦးဆန်းဆင့်အမှု ရှေ့နေအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဆန်းဆင့်၏အစ်ကို ဦးဆန်းမြင့်က ဇူလိုင်လ ၂၃ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ပြည်ထောင်စု ၀န်ကြီးဟောင်း ဦးဆန်းဆင့်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၉ ယုံကြည် အပ်နှံရေး ဖောက် ဖျက်မှုနှင့် ၁၂၄(က) နိုင်ငံတော် အကြည်ညိုပျက်စေမှု စသည်(၂)မှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
““ဘာအတွက်ကြောင့် နိုင်ငံတော် အကြည်အညို ပျက်စေမှုဆိုတာကို ပြောခွင့်မရှိသေး ဘူး။ ပြောခွင့် မရှိ သေးဘူးဆိုတာက ကျွန်တော်တို့ကို(၃၀)ရက်နေ့ ကို ပြန်ချိန်းတယ်။ အဲဒီအပေါ်မှာ ပြောလို့ မဖြစ်သေးဘူးခင်ဗျ။ ဦးဆန်းဆင့် ပြောတာကတော့ အဓိက အမှုမှန် ပေါ်ပေါက်ရေးပဲ။ ကျွန်တော်တို့ကတော့ ဦးဆန်းဆင့်အတွက် ဥပဒေနဲ့အညီ ရရှိနိုင်မယ့် သက်သာခွင့် အခွင့်အရေးပေါ့လေ။ အဲဒါရအောင် ကြိုးစားဖို့ပါပဲ။ အာမခံ ကိစ္စကတော့ အစီအစဉ်တော့ ရှိပါတယ်။ ပေးမပေး ကတော့ ရုံးတော်ရဲ့ သဘောပါပဲ””ဟု ဦးဆန်းမြင့်က မြန်မာသံတော်ဆင့် သို့ ပြောသည်။
သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ (၄)ကြိမ်မြောက် ရုံးချိန်းအား နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် ဇူလိုင်လ၂၂ရက် နံနက်ပိုင်း တရားရုံး စတင်ချိန်တွင် စစ်ဆေးကြားနာခဲ့ပြီး ပထမဆုံးအကြိမ် အဖြစ် မိသားစုနှင့် တွေ့ဆုံခွင့် ပေးခဲ့ကာ ဦးဆန်းဆင့်၏ ဇနီး ဒေါ်ခင်မလေး၊ သားဥက္ကာဆန်းဆင့်၊ ညီမ အရင်းနှင့် ညီမ ၀မ်းကွဲတို့က ၁၀ မိနစ်နီးပါး တွေ့ဆုံခဲ့သည်။
““အကြည်ညိုပျက်စေမှု ဆိုတာ ဒီနိုင်ငံတော်အစိုးရကို သို့မဟုတ် ဥပဒေနဲ့အညီ တည်ထောင်ထားတဲ့ လုပ်ငန်းအဖွဲ့တွေပေါ့ဗျာ။ မေတ္တာပျက်အောင်၊ အမုန်းထားအောင်၊ အလေးမထားအောင် ပြောဆိုတာ စွပ်စွဲတာပေါ့ဗျာ။ အဲ့အချက်၃ ချက်ပဲ။ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချလို့ရတယ်။ ထောင်ဒဏ် ၇ နှစ်လည်း ချလို့ရတယ်။ ၃ နှစ်လည်း ချလို့ရတယ်။ ငွေဒဏ်လည်း ချလို့ရတယ်။ ဒဏ်၂ ရပ်လုံးလည်း ချလို့ ရတယ်””ဟု တရားလွှတ်တော် ရှေ့နေဦးကိုနီက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။
ဦးဆန်းဆင့်တွင် နှလုံးရောဂါ အခံရှိပြီး ယခုအချိန်တွင် ထောင်အတွင်းသို့ ဆေးဝါးနှင့် အစားအစာများ ပေးသွင်းခွင့် မပြုသောကြောင့် ကျန်းမာရေး ကောင်းမွန်ခြင်း မရှိဘဲ အပြင်ဆေးခန်းတွင် ဆေးကုသနိုင်ရန် အာဏာပိုင်များထံ တောင်းဆိုထားကြောင်း ဦးဆန်းဆင့်၏ ယောက်ဖ တော်စပ်သူ ဦးလှစိုးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။
““နှလုံးရောဂါရှိတော့ ဆေးနဲ့ ဘာနဲ့ ကင်းကွာနေတော့ ရောဂါက ပြန်ထတာပေါ့။ ကျန်းမာရေးက မကောင်းတော့ လူပါ ကိုယ်ခံအားတွေ ကျပြီးတော့ တော်တော်လေး ပိန်သွားတယ်။ မိသားစုဝင်တွေကို ဘာမှ အားမငယ်နဲ့လို့ အားပေး စကားလေးပြောပြီး သူလည်းစိတ်မကောင်း ရှိမှာပေါ့””ဟု ဦးလှစိုးက ဆိုသည်။
““ဦးဆန်းဆင့်ကို တွေ့ရတာ ကျန်းမာရေး သိပ်ကောင်းပုံ မပေါ်ဘူး။ လည်ကတုံး အင်္ကျီအဖြူကို ၀တ်ထားပြီး အနွေးထည် အင်္ကျီ ဆွယ်တာအပါး ထပ်ဝတ်ထားတယ်။ အဲဒီအပေါ်ကမှ တိုက်ပုံအင်္ကျီဖြူကို ၀တ်ထားတယ်။ လက်ထဲမှာလည်း မြန်မာ့တိုင်းရင်းဆေး ရှူဆေးဘူးတစ်ဘူးကို ကိုင်ထားတာ တွေ့ရတယ်””ဟု သတင်းယူနေသည့် ဓာတ်ပုံ သတင်းထောက် တစ်ဦးက ပြောသည်။
အဆိုပါ စတုတ္ထအကြိမ် ရုံးထုတ် စစ်ဆေးမှုကို ပြည်တွင်း ပြည်ပမှ သတင်းယူရန်သတင်း မီဒီယာအင်အား ၃၀ ခန့် ရောက်ရှိနေခဲ့ပြီး တရားရုံးထိုင်ချိန် စတင်ပြီဖြစ်သော်လည်း မီဒီယာသမားများအား ဒက္ခိဏခရိုင် တရားရုံး၏ ခြံစည်းရိုးအတွင်းသို့ လုံး၀၀င်ခွင့်မပေးဘဲ ခြံစည်းရိုး အပြင်မှသာ သတင်းယူစေခဲ့သည်။ သတင်းမီဒီယာ သမားများအား တန်ပြန်၍ ဓာတ်ပုံ မှတ်တမ်းတင်ခြင်း၊ ဗီဒီယို မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေခဲ့သော အင်အားစုမှာ မီဒီယာအင်အားထက် ၃ ဆခန့် ပိုများနေသည်ကို တွေ့ရသည်။
ဦးဆန်းဆင့်အား တတိယအကြိမ် ရုံးထုတ်မှုအား ဇူလိုင်လ ၁၇ ရက်နေ့ ချိန်းဆိုထားသော်လည်း ဇူလိုင်လ ၈ ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် တရားရုံးမှ ဒက္ခိဏခရိုင် တရားရုံးသို့ ကြားဖြတ်ရုံးထုတ် စစ်ဆေးခဲ့သည်။
ဦးဆန်းဆင့်သည် ပုဗ္ဗသီရိခရိုင် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးစဉ်က မီဒီယာများအား ပြောကြားမှုသည် ကမ္ဘာအနှံ့ ပျံ့နှံ့သွား၍ တတိယအကြိမ် ရုံးထုတ် စစ်ဆေးမှုအား ချိန်းဆိုထားသည့် ရက်ထက် တစ်ပတ်စော၍ ဒက္ခိဏခရိုင် တရားရုံးသို့ ပြောင်းရွှေ့ရုံးထုတ်ခဲ့သဖြင့် မီဒီယာများ လာရောက်နိုင်ခြင်း မရှိခဲ့ပေ။ ယခု စတုတ္ထအကြိမ်တွင်လည်း ရုံးအတွင်းသို့ပင် မီဒီယာများ ၀င်ခွင့်မရခဲ့၍ ဦးဆန်းဆင့်နှင့် တွေ့ဆုံမေးမြန်းခွင့် မရခဲ့ပေ။
““ဒါကတော့ ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေထဲက တစ်ခုပေါ့။ ဒီ့ထက်ဆိုးတဲ့ ဖမ်းခံရတဲ့ ဟာတွေလည်း ရှိတယ်။ ထောင်ချတဲ့ဟာတွေ။ ခြိမ်းခြောက်တဲ့ လုပ်ရပ်လို့တော့ ပြောလို့ရပါတယ်။ ဒါက လတ်တလောဖြစ်နေတဲ့ ကိစ္စတွေ အများကြီးထဲက တစ်ခုပေါ့””ဟု မီဒီယာများအား တန်ပြန် မှတ်တမ်းတင်မှုများနှင့် ပတ်သက်၍ မြန်မာဂျာနယ်လစ်ကွန်ရက်မှ အတွင်းရေးမှူး ဦးမြင့်ကျော်က သုံးသပ် ပြောကြားခဲ့သည်။
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်အား သိန်းတစ်ရာခန့် အလွဲသုံးစားမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုလုပ်ကာ ဇွန်လ ၁၉ ရက်တွင် ဥတ္တရသီရိ မြို့နယ် ဘုရားကုန်း ရဲစခန်း၌ ပ/၂၁/ ၂၀၁၄ဖြင့် တရားစွဲဆိုခဲ့ပြီး ဇူလိုင် လ ၃၀ရက်နေ့တွင် ပဉ္စမအကြိမ်မြောက် ရုံးထုတ်မည် ဖြစ်သည်။
မြန်မာသံတော်ဆင့်သတင်းဌာန


0 comments:
Post a Comment