Friday, July 25, 2014

သီလ၀ါစီမံကိန်း သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ပေးအပ်ရန် နို့တစ်စာ ထွက်သော်လည်း မူလပိုင်ရှင်များ မရရှိသေး

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် အသုံးပြုရန်အတွက် သိမ်းဆည်း ထားသည့် လယ်မြေများမှ အသုံးမပြုသည့် လယ်မြေများကို အမည်ပေါက် လယ်မြေပိုင်ရှင်များ ထံ ပြန်လည်ပေး အပ်ရန် တောင်ပိုင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သည့် အထွေထွေ နို့တစ်စာနှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ လယ်ယာ၊ ဥယျာဉ်ခြံမြေ ပိုင်ရှင် လယ်သမားများထံ အကြောင်းကြားခြင်း မရှိဘဲ ထိန်းချုပ် ရယူထားကြောင်း ကျောက်တန်းမြို့နယ် ဖလန်းရွာဟောင်း၊ အေးမြသီတာ ရပ်ကွက် မှ တောင်သူ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးစိုးမောင်က ဇူလိုင် ၂၁ ရက်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

၁၈၉၄ ခုနှစ် မြေသိမ်း အက်ဥပဒေအရ မြေသိမ်းခံရသူ အနေဖြင့် လက်မခံနိုင်ကြောင်း ပြန်လည် ခုခံခွင့်ရှိပြီး ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးက ထုတ်ပြန်သည့် နို့တစ်စာကို ကျေးရွာ အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ လယ်သိမ်းခံ တောင်သူများထံ အကြောင်းကြားမှု မရှိခြင်းမှာ ယင်းဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်းကို … ““လောလောဆယ်မှာတော့ ကာယကံရှင် လက်ဝယ်ကို ညှိနှိုင်းတာ၊ အပေးအယူလုပ်တာ မရှိသေးဘဲနဲ့ မြေသိမ်းမယ် ဆိုတာကို လက်မခံနိုင်ဘူး ဆိုပြီး နို့တစ်ကို ကန့်ကွက် ထားတာပါ။ ၀င်သိမ်းခံရတဲ့ လူရဲ့ လယ်ထဲကို နို့တစ်စာက ရောက်ကို ရောက်ရမယ်လေ။ တစ်ဖက်ကလည်း နို့တစ်ပေးပြီးသားလို့ ပြောမယ်။ ဒီဘက်ကလည်း နို့တစ်မရသေးဘူးလို့ ပြောမယ်။ အဲဒီအပေါ်မှာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ လယ်သမား တွေကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပြီး အခွင့်အရေးတွေ ဆုံးရှုံးနိုင်တာပေါ့။ ကျေးရွာ အုပ်ချုပ်ရေးမှူးက သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်လိုက်တာပဲ””ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ လယ်ယာမြေ ကိစ္စများနှင့် ပတ်သက်၍ မြေသိမ်းခံ တောင်သူတစ်ဦးဖြစ်သူ ဖလန်းရွာဟောင်း၊ အေးမြသီတာ ရပ်ကွက်မှ ဦးစိန်လှနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သူတို့သည် ယခင်က အမှုရင်ဆိုင်ဖူးပြီး ယင်းအမှုတွင် ဦးစိန်လှအား အနိုင်ပေးလိုက်ခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးက နို့တစ်စာကို တောင်သူ များထံ အကြောင်းမကြားခြင်း ဖြစ်နိုင်ကြောင်း မြေသိမ်းခံ တောင်သူများက ပြောဆိုကြသည်။

““ဟက်တာ ၂၀၀၀ ထဲမှာ နစ်နာကြေး မရသေးတာ ဧက ၇၀၀ ကျော် ကျန်သေးတယ်။ လယ်မြေရော ဥယျာဉ်ခြံမြေ တွေရောပေါ့။ ကျောက်တန်းမြို့နယ် တရားရုံး၊ တောင်ပိုင်းခရိုင် တရားရုံး၊ ရန်ကုန်တိုင်း တရားရုံးက အနိုင်ပေးဖို့ အမိန့်ချခဲ့တယ်။ နို့တစ်စာထဲမှာ သီလ၀ါ စီးပွားရေးဇုန်ထဲမှာ ပါရှိတဲ့ တောင်သူ လယ်သမားတွေကို ဧကအလိုက် ခွဲပြီး ပေးရမယ် ဆိုတာပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက မပေး တာပေါ့””ဟု မြေသိမ်းခံ တောင်သူ ဦးစိန်လှက ပြောသည်။

တောင်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ပေးပို့သည့် နို့တစ်စာတွင် သိမ်းဆည်းခံ လယ်မြေများကို မူလပိုင်ရှင်များကို ပြန်လည်ပေးအပ်ရန် ““၁၈၉၄ ခုနှစ် မြေသိမ်း အက်ဥပဒေပုဒ်မ ၄ ပုဒ်မ ခွဲ(၁)အရ ပြည်ထဲရေး ၀န်ကြီးဌာန၏ ၁၅.၅.၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၈၅/၂၀၁၄ဖြင့် ကြော်ငြာပြီး ဖြစ်သည်။””ဟု ပါရှိ သော်လည်း ယင်းအချက်နှင့် ပတ်သက်၍ လယ်မြေ သိမ်းဆည်းခံ တောင်သူများ အနေဖြင့် ရေရေရာရာ မသိရှိ ရကြောင်း အဆိုပါ တောင်သူများက မြန်မာသံတော်ဆင့်သို့ ပြောဆိုကြသည်။

အဆိုပါ လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ ကျောက်တန်းမြို့နယ် ဖလန်းရွာဟောင်း၊ အေးမြသီတာရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးမြင့်သူက နို့တစ်စာကို မြေသိမ်းခံ တောင်သူများထံ ပေးအပ်ခြင်း မရှိသည့် ကိစ္စနှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သူထံ ဆက်သွယ် မေးမြန်းရာ အဆိုပါကိစ္စကို မသိရှိကြောင်း၊ ၎င်းမှာ ဖလန်းရွာဟောင်း အေးမြသီတာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်သူ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး မြေသိမ်းခံ တောင်သူများကမူ ၎င်းမှာ ဖလန်းရွာဟောင်း အေးမြသီတာရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ပြန်လည် ဖြေကြားလိုခြင်း မရှိသည့်အတွက် ငြင်းဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

မြန်မာသံတော်ဆင့်သတင်းဌာန

0 comments:

Post a Comment