ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းတိုက်ပွဲဖြစ်ပွားနေသော TNLA နယ်မြေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွှေလီမြစ် အရှေ့ဘက် ကွတ်ခိုင်မြို့နယ်အတွင်း
အစိုးရတပ်များနှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်
အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး တစ်ရက်တည်း၌ နှစ်ဖက်စုစုပေါင်း
၁၃ဦးခန့်ကျဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ဒီဇင်ဘာ ၄ ရက်တွင် ဖြစ်ပွားမှုမှာ အပြင်းထန်ဆုံးဖြစ်ပြီး
လေးကြိမ်ခန့်ဖြစ်ပွားခဲ့ ကာကွတ်ခိုင်မြိ့နယ်ရှိ နမ့်လိတ်တောင်တစ်ဝိုက်တွင်
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ " တိုက်ပွဲက တော်တော်ပြင်းထန်တယ်။
နမ့်လိတ်တောင်မှာရှိတဲ့ ကျွန်တော်တို့စခန်း ဆုတ်ပေးလိုက်တယ် " ဟု
ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော် ကပြောကြားသည်။
နမ့်လိတ်တောင်တွင် TNLA တပ်ရင်း ၁၁၂ နှင့် KIA တပ်ရင်း ၈
ပူးပေါင်းတပ်အင်အား ၆၀ ခန့်ရှိသော စခန်းရှိကြောင်းသိရသည်။ ဒီဇင်ဘာ ၄ ရက်က
ဖြစ်ပွားသော တိုက်ပွဲကြောင့် နှစ်ဖက်စုစုပေါင်း ၁၃ ဦး ခန့်ကျဆုံးခဲ့သည်ဟု
ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောကြားသည်။
" ကျွန်တော်တို့ ဘက်က သုံးဦးကျတယ်။ သုံးဦးဒဏ်ရာရတယ်။ အစိုးရဘက် ကတော့
၁၀ ဦးကျတယ်လို့ သတင်းရတယ်။ ၁၀ ဦးကျော်လောက်လည်း ဒဏ်ရာရတယ် " ဟု ၎င်းက
ဆက်လက်ပြောကြားသည်။
ကွတ်ခိုင်မြို့နယ် နမ့်လိတ်တောင်အနီး တွင်ဖြစ်ပွားခဲ့သော
တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်သို့
ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။ ယခုနှစ် နိုဝင်ဘာလ အတွင်း
ရွှေလီမြစ် အနောက်ဘက်ခြမ်းတွင်ရှိသော ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း
အစိုးရ နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး
ယခုဒီဇင်ဘာလဆန်းပိုင်းတွင် ရွှေလီမြစ် အရှေ့ဘက် ရှမ်းပြည်နယ်မြောက်ပိုင်း
ကွတ်ခိုင်မြို့နယ်အတွင်း ပြင်းထန်သော တိုက်ပွဲများ
ဆက်လက်ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" မန်စီမှာတော့ တိုက်ပွဲဖြစ်တာတွေ မရှိတော့ဘူး။ ရှမ်းမြောက်မှာ
ဖြစ်တယ်လို့တော့သိတယ်။ အခုချိန်မှာ မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းကို
ထိန်းချုပ်လိုက်နိုင်တဲ့ အခြေအနေတော့ ရှိတယ်။ ဒါပေမဲ့ KIA တပ် ရင်း ၁၂ က
ပြောက်ကျားလှုပ်ရှားပြီး ပုန်းခို တိုက်ခိုက်တာတွေ၊ မိုင်းဆွဲတိုက်တာတွေ
ရှိနေသေးလို့ လမ်းပိုင်းကို ပြန်မဖွင့်နိုင်သေး ဘူး " ဟု
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြား သည်။
ရွှေလီမြစ် အနောက်ဘက် မန်စီမြို့နယ်အတွင်း အခြေအနေများနှင့် ပတ်သက် ၍ KIA
တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျွန်းအောင် ကိုဆက်သွယ်ခဲ့သော်လည်း
ဆက်သွယ်မှုမရရှိခဲ့ပေ။ ဒီဇင်ဘာ ၄ ရက် ကလည်း မန်စီမြို့နယ် မန်ဖွကျေးရွာမှာ
ရွာသား ၂၀ကျော် ကို KIA တပ်ရင်း ၁ က ခေါ်ဆောင် သွားကြောင်း ဒေသခံ များ၏
ပြောကြားချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် အတွင်း
တိုက်ပွဲဖြစ်ပွားမှုမှာ ဒီဇင် ဘာ ၅ ရက်အထိ ဆက်ရှိနေပြီး နမ့်လိတ်တောင်မှ
ပူးပေါင်းတပ်များ၏ စခန်းကို နောက်ဆုတ်လိုက်သော်လည်း နမ့်လိတ်တောင်ပေါ်သို့
အစိုးရတပ်များ တက်ရောက်နေရာယူခြင်း မရှိသေးကြောင်း သိရသည်။
TNLA တပ်ရင်း ၁၁၂ အနီးတွင် အခြားတပ်ရင်းများဖြစ်သည့် ၄၇၈ နှင့် ၁၀၁
တပ်ရင်းများ ဆက်ရှိနေပြီး အစိုးရတပ်ဘက်တွင်လည်း အင်အားဖြည့်တင်းထားမှုများ
ရှိနေကြောင်းသိရသည်။ ယခုဖြစ်ပွားခဲ့သော တိုက်ပွဲသည် အစိုးရနှင့် TNLA တို့
ဇူလိုင်လအတွင်း မူဆယ်မြို့၌ တွေ့ဆုံခဲ့ပြီးနောက် အကြိမ် ၅၀
မြောက်ဖြစ်ပွားခဲ့သော တိုက်ပွဲ ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး
တာဘုန်းကျော် ကပြောကြားသည်။
Eleven
0 comments:
Post a Comment