နိုင်ငံရေး မတည်ငြိမ်မှုများနှင့် လူ့အခွင့်အရေး
ချိုးဖောက်ခံရမှုများကြောင့် မြန်မာနိုင်ငံ အတွင်းမှ ချင်းလူမျိုး ဒုက္ခသည်
တစ်သိန်းကျော် ပြည်ပနိုင်ငံများ၌ ရောက်ရှိနေကြောင်း ဒီဇင်ဘာ ၅ ရက်က
ကျင်းပခဲ့သည့် ချင်းအမျိုးသား ညီလာခံ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
ဦးလျန်ဘွေဆန်းက ''Refugee နဲ့ ပတ်သက်လို့ ပြောရရင် ကျွန်တော်တို့
လူမျိုးက အိန္ဒိယမှာ ၇၀၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ပြီးတော့
မလေးရှားမှာ ၄၀၀၀၀ ကနေ ၅၀၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
ပြီးတော့ထိုင်းမှာက ကျွန်တော်တို့ refugee camp တစ်ခုကို သွားတဲ့ အခါမှာ
အဲဒီ camp မှာက refugee ၂၅၀ လောက်ရှိတယ်။ စုစုပေါင်းကတော့ ကျွန်တော်တို့
ခန့်မှန်းခြေကတော့ ၅၀၀ လောက် ရှိမယ်လို့ ထင်တယ်။ ဒီ Refugee ကိစ္စဆိုတာက
ကျွန်တော်တို့ ချင်းတွေရဲ့ main issue ပါ။ ကျွန်တော်တို့ ချင်းတွေက
နိုင်ငံခြားထွက်တာ များပါတယ်။ အဓိက ထွက်သွားတဲ့ refugee တွေကလည်း human
right နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဖြစ်ပါတယ်'' ဟု ဆိုသည်။
ထို့ပြင် ချင်းတိုင်းရင်းသား ဒုက္ခသည်များ ထပ်မံမတိုးပွားလာရေးနှင့်
ပြည်ပရှိ ဒုက္ခသည်များ နေရပ်သို့ ပြန်လည်ခေါ်ဆောင်ရေး အတွက် ချင်းပြည်နယ်ရှိ
အစိုးရ စစ်တပ်များနှင့် ချင်းတိုင်းရင်းသား စစ်တပ်တို့အား
စစ်တပ်ပိုင်းဆိုင်ရာများ လျှော့ ချပေးရန် တိုက်တွန်းမှုများ ပြုလုပ်သွားမည်
ဖြစ်ကြောင်းနှင့် ကျင်းပခဲ့သည့် ချင်းအမျိုးသား ညီလာခံ တွင်လည်း
အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေအချာ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း ၎င်းက
ဆက်လက် ပြောကြားသည်။
''ကျွန်တော်တို့ ညီလာခံမှာ refugee ကိစ္စနဲ့ပတ်သက်ပြီး ဒီ refugee
နှုန်းတွေရပ်တန့်ဖို့ကို ကျွန်တော်တို့ ဘယ်လိုကြိုးစားမလဲ။ human right
လျှော့ချဖို့ ဘယ်လိုကြိုးစားမလဲ။ စစ်တပ်ကရော CNF နဲ့ Agreement Sign
ပြီးပြီဆိုတော့ မြန်မာစစ်တပ်ကရော ချင်းပြည်နယ်မှာ ဒီလောက်အထိ လိုနေသလား
ဆိုတာကို ကျွန်တော်တို့ စဉ်းစားခဲ့ပါတယ်။ နောက် CNF နဲ့ Agreement Sign
ပြီး နောက်ပိုင်းမှာရော ကျွန်တော်တို့ ချင်းပြည်နယ်မှာရှိတဲ့ တပ်ရင်း ၅၃ က
Security အတွက် လိုအပ်သလား ဆိုတာကို ကျွန်တော်တို့ စဉ်းစား ထားပါတယ်။
ဒါတွေကလည်း refugee နှုန်း လျှော့ချဖို့ဆိုတဲ့ နေရာမှာအရမ်းကို
အရေးကြီးပါတယ်'' ဟု ဦးလျန်ဘွေဆန်းက ဆိုသည်။
ချင်းလူမျိုးများ ဒုက္ခသည် ဖြစ်ရခြင်းမှာ နိုင်ငံ၏ နိုင်ငံရေး
အုပ်ချုပ်စီမံမှု ညံ့ဖျင်းခြင်း၊ ဌာနေလူမျိုးများ ခွဲခြားဆက်ဆံခံရခြင်း၊
လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းကြောင့် ဖြစ်ပြီး အဆိုပါ ပြဿနာများအတွက်
အပေါင်းလက္ခဏာ ဆောင်သည့် ငြိမ်းချမ်းရေး၊ အပေါင်းလက္ခဏာ ဆောင်သည့်
လွတ်လပ်ခြင်းနှင့် ပဋိပက္ခ ဖြေရှင်းခြင်းတို့ လုံလောက်စွာရှိရန်
လိုအပ်ကြောင်း ချင်းအမျိုးသား ညီလာခံမှ ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့သည်။
Eleven
0 comments:
Post a Comment