
မရမ်းကုန်းမြို့နယ်
(၉) ရပ်ကွက်၊ သူရလမ်းရှိ နေအိမ်တွင် ဒီဇင်ဘာလ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်က
လျှပ်စစ်မီးပူ အပူလွန်ကဲရာမှ မီးကူးစက် လောင်ကျွမ်းခဲ့ရာ အိမ် ၁၅ လုံး
မီးလောင် ဆုံးရှုံးခဲ့ပြီး လူ ၂၁၇ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြောင်း
မရမ်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က The
Voice သို့ ပြောကြားသည်။
အဆိုပါ
လမ်းအတွင်းရှိ ဒေါ်ခင်သန်း၏ နေအိမ် အောက်ထပ်တွင် ငှားရမ်းနေထိုင်ပြီး
အကြော်စုံလုပ်ငန်း လုပ်ကိုင်သူ အသက် ၃၁ နှစ်အရွယ် ကိုမျိုးမြင့်အောင်က
ယင်းညက အိပ်ခန်းအတွင်း အင်္ကျီ မီးပူတိုက်ပြီး မီးပလပ် ပြန်မဖြုတ်မိသောကြောင့်
အပူလွန်ကဲပြီး အဝတ်အစားများမှ တစ်ဆင့် နေအိမ်ထရံသို့ မီးကူးစက်
လောင်ကျွမ်းခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“တစ်ရပ်ကွက်လုံး
အိပ်မောကျနေတဲ့အချိန် ဂိမ်းဆိုင်က ပြန်လာတဲ့ ကောင်လေးက မီးလောင်တာ မြင်လို့
လှမ်းအော်မှ သိရတာ။ သိတဲ့အချိန် မီးညွန့်က ဆယ်ပေကျော်လောက် တက်နေပြီ။
မီးစလောင်တဲ့ အိမ်မှာ အကြော်စုံ လုပ်ငန်းမှာသုံးတဲ့ ဆီတွေ ရှိတာကြောင့်
မီးကူးစက်လောင်တာ အရမ်းမြန်တာ။ လူတွေကလည်း အိပ်ချင်မူးတူး ဖြစ်နေတော့
ပစ္စည်းတွေလည်း ဘာမှယူချိန် မရလိုက်ဘူး” ဟု နေအိမ် မီးလောင်ခံရသူ အမှတ် (၉)
ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းက ရှင်းပြသည်။
အဆိုပါ
မီးလောင်မှုကို အုပ်ချုပ်မှု ယာဉ်သုံးစီး၊ အထောက်အကူပြုယာဉ် လေးစီး၊
မီးသတ်ယာဉ် ၅၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ တစ်နာရီကျော်ကြာတွင်
မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနထံမှ သိရှိရသည်။
မီးလောင်မှုကြောင့် နေအိမ် ၁၅ လုံး၊ အိမ်ထောင်စု ၅၄ စု၊ လူဦးရေ ၂၁၇
ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး မီးဘေးသင့်သူများကို သူရလမ်းရှိ မစိုးရိမ်
ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း
ဖွင့်လှစ်ထားရှိပြီး ကယ်ဆယ်ရေး ဦးစီးဌာနမှ ပစ္စည်းရှစ်မျိုးနှင့်
အခြားအလှူရှင် များကလည်း လာရောက် လှူဒါန်းမှုများ ပြုလုပ်လျက် ရှိကြောင်း
အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းက ပြောကြားသည်။
“မီးဘေး သင့်သူတွေအတွက် အလှူခံဌာန ဖွင့်ပေးထားတယ်။ မြို့နယ်
အတွင်းမှာရှိတဲ့ ရပ်ကွက်အလိုက် အလှည့်ကျ ထမင်းထုပ်နဲ့ ရေသန့်တွေ
ပေးပို့ဖို့ စီစဉ်ထားတယ်။ မီးဘေး သင့်သူတွေရဲ့ မြေနေရာ ပြန်လည်
ချထားရေးကိုတော့ ခရိုင်ကို တင်ပြထားပါတယ်။ အထက်က ပြန်လည် ချထားပေးမယ့်
အဆုံးအဖြတ်ကို ကြည့်ပြီး ညှိနှိုင်း ဆောင်ရွက်ရမှာပါ” ဟု မရမ်းကုန်း
မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင် က ပြောကြားသည်။
အဆိုပါ မီးလောင်ချိန်တွင် ထွက်ပြေး တိမ်းရှောင်နေသော အိမ်ငှား
ကိုမျိုးမြင့်အောင်သည် ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်က ရဲစခန်းသို့
လာရောက် အဖမ်းခံခဲ့ပြီး ၎င်းကို (ပ)၅၁၉/၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်
အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း မရမ်းကုန်း မြို့မရဲစခန်းမှ
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အလားတူ မရမ်းကုန်းမြို့နယ် (၈)
ရပ်ကွက် မြစံပယ်လမ်းတွင် သြဂုတ်လ ၁၇ ရက် နံနက်အစောပိုင်းက
မီးလောင်ကျွမ်းခဲ့ရာ အိမ် ၂၂ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး လူ ၂၀၀ ကျော်
အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန၏
မီးလောင်မှု စာရင်းအရ သိရှိရသည်။
The Voice
0 comments:
Post a Comment