Wednesday, July 15, 2015

ကေကေအိုအဖွဲ့မှ ကျော်သက်နှင့် စောဆန်းအောင် ဦးစီးအဖွဲ့၏ လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ


 ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီ လမ်းဟောင်းနှင့် အာရှ လမ်းသစ်အား တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF)တို့က နယ်မြေ ရှင်းလင်း၍ ဖွင့်လှစ်ခဲ့ပြီး အများပြည်သူလုံခြုံရေးအတွက် ကေကေအိုအဖွဲ့မှ ကျော်သက်နှင့် စောဆန်းအောင် ဦးစီးအဖွဲ့ ကြွင်းကျန်အဖွဲ့အား ဆက်လက် ရှင်းလင်း လျက်ရှိသည်။

ထိုသို့ ရှင်းလင်းစဉ် ဇူလိုင် ၁၂ ရက် ညနေပိုင်းက အောင်ဗလကုန်းနှင့် အနီးပတ်ဝန်းကျင်တွင် ၎င်းအဖွဲ့မှ သိမ်းဆည်းထားသော အမ်-၁၆ သေနတ် ၁၁ လက်၊ အာရ်ပီဂျီ ၂ လက်၊ အေကေ-၄၇ သေနတ် ၃ လက်၊ ပွိုင့်-၃၀ ကာဘိုင်သေနတ် ၁ လက်နှင့် အမ်-၇၉ ဗုံးပစ်လောင်ချာ ၂ လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၉ လက်၊ ကျည်အိမ်မျိုးစုံ ၂၁ ခု၊ ကျည်မျိုးစုံ အတောင့် ၃၁ဝ၊ ဗုံးသီးမျိုးစုံ ၂၅ လုံး၊ စနိုက်ပါမှန်ပြောင်း ၁ ခုတို့ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းကလည်း တောင်ယာတဲတစ် လုံးအတွင်းမှ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ဗုံးသီး ၁၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးနှင့် လမ်းလျှောက်စကားပြောစက် ၁ လုံးတို့အားလည်းကောင်း၊ ပွိုင့်-၃၈၂ တောင်ကုန်းတစ်ဝိုက်မှ လက်နက်မျိုးစုံ ၅ လက်၊ ကျည်မျိုးစုံ ၂၉၅၃ တောင့်၊ ကျည်အိမ်မျိုးစုံ ၅၉ ခု၊ ခဲယမ်းဆက်စပ်ပစ္စည်းများ၊ ဒေသန္တရလုပ်မိုင်းများ၊ ယာယီ လူနေတဲများနှင့် မော်တော်ယာဉ် ၂ စီးတို့အားလည်းကောင်း ထပ်မံ သိမ်းဆည်းရမိသည်။
ဆက်လက်၍ ကောင်းမှုကျေးရွာအတွင်းရှင်းလင်းခဲ့ရာ ၎င်းတို့ အခြေပြုနေရာ များမှ ရီမုတ်မိုင်း ၃ လုံးနှင့် ရီမုတ် ၁ ခု၊ ဒေသန္တရမိုင်း ၁ လုံး၊ အသုံးအဆောင် ပစ္စည်း များအား သိမ်းဆည်းရမိပြီး ၎င်းတို့အဖွဲ့မှ အဖွဲ့ဝင် ၂ ဦးအား ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည်။
အဆိုပါ နယ်မြေရှင်းလင်းမှု ပြုလုပ်စဉ် ၎င်းတို့အဖွဲ့မှ ဒေသခံပြည်သူ လူထု အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ ဇူလိုင် ၁၃ ရက် ညနေပိုင်းတွင် ကော့ကရိတ်မြို့ လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် နှောက်ယှက် ပစ်ခတ်ခဲ့သည်။
သို့ပါ၍ ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် ကော့ကရိတ်မြို့နယ် အတွင်း တပ်မတော်နှင့် နယ်ခြားစောင့်တပ်(BGF)တို့က နယ်မြေရှင်းလင်း ခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit to>>>Myawaddy

0 comments:

Post a Comment