Tuesday, February 14, 2017

ရွှေထည်လက်ဝတ်ရတနာများ ရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်စေရန် သတ်မှတ်ထားမှုကို တစ်ရာခိုင်နှုန်းသို့ လျှော့ချသင့်ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစီရင်ခံစာတင်သွင်း

ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရန် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် သတ်မှတ်ထားမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် တစ်ရာခိုင်နှုန်းသာ ကျသင့်စေရမည်ဟု ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစီအစဉ်တွင် ဥပဒေကြမ်းပူး ပေါင်းကော်မတီက အစီရင်ခံတင်ပြခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ရွှေထည်လက်ဝတ် ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေ အပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရန် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ရွှေဝယ်ယူသူများက အခွန်သုံးရာခိုင်နှုန်း ပေးဆောင်ရန် သတ်မှတ်ခဲ့ရာမှ တစ်ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်ရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံ တင်ပြခဲ့ခြင်း ဖြစ်သည်။


ရွှေလုပ်ငန်းရှင်များ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရာတွင် ၀ယ်ယူသူထံမှ ငါးရာခိုင်နှုန်း အခွန်ကောက်ခံ၍ မရသဖြင့် နိုင်ငံတော်သို့ တင်ပြသဖြင့်လာမည့် ၂၀၁၇ - ၂၀၁၈ ခုနှစ် အခွန်အကောက်ဥပဒေကြမ်း၌ လက်ရှိကောက်ခံနေသည့် ငါးရာခိုင်နှုန်းအစား သုံးရာခိုင်နှုန်းသို့ လျှော့ချခဲ့ခြင်းဖြစ်ပြီး ရွှေလုပ်ငန်းရှင်များအနေနှင့် တစ်ရာခိုင်နှုန်း ဖြစ်လာစေရန် လွှတ်တော်သို့ သွားရောက်ဆွေးနွေးခဲ့သည်ဟု ဦးကျော်ဝင်းက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ မျှော်လင့်ခဲ့တာက ကုန်သွယ်လုပ်ငန်းခွန် တစ်ရာခိုင်နှုန်းဖြစ်ဖို့ မျှော်လင့်ခဲ့တာပါ” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားသည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ရွှေစင်၊ ရွှေချောင်း၊ ရွှေပြားများကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားပြီး ရွှေထည်လက်ဝတ်ရတနာများ အပေါ်တွင် သုံးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် သတ်မှတ်မှုမှာ သာမန်တစ်ကျပ်သားအောက် ၀ယ်ယူသူများပင် အထိနာမည်ဖြစ်သည်ဟု ဝေဖန်မှုများရှိခဲ့သည်။

“ရွှေကိုတော့ ကုန်သွယ်လုပ်ငန်းခွန် အနေနဲ့ မကောက်သင့်ဘူးထင်တာပဲ။ မြန်မာနိုင်ငံမှာ ရွှေကိုစုတဲ့ Culture ရှိပြီး အဲဒီလို လုပ်တာကို လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားက လုပ်ကြတယ်။ တစ်ရာခိုင်နှုန်း ပဲကောက်ကောက်၊ သုံးရာခိုင်နှုန်းပဲကောက်ကောက် လက်လီဝယ်ပြီဆိုတာနဲ့ အလျော့တွက် လက်ခက အသားတင်ပေးရတာ။ အဲဒီလိုဆိုတော့ ရွှေစုတဲ့ Culture ကို လာထိခိုက်မယ် ထင်တာပဲ။ တစ်ရာခိုင်နှုန်းဖြစ်ဖြစ် သုံးရာခိုင်နှုန်းဖြစ်ဖြစ် ကျွန်မတော့မကြိုက်ဘူး” ဟု ရွှေမှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရန် စီစဉ်လာမှုအပေါ် ၀ယ်ယူသူတစ်ဦးဖြစ်သည့် မသက်မွန်က မှတ်ချက်ပြုသည်။

ကုန်သွယ်လုပ်ငန်းခွန်အနေဖြင့် မည်မျှသတ်မှတ်သည်ဖြစ်စေ ရွှေထည်လက်ဝတ် ရတနာဝယ်ယူသူများကသာ အဆိုပါ ကုန်သွယ်လုပ်ငန်းခွန်ကို ဥပဒေအရ ပေးဆောင်ရမည် ဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက် ပြည်တွင်းရွှေဈေးကွက်တွင် ညနေ ၃ နာရီဈေးမှာ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၈၉၀၅၀၀ ဖြစ်ပြီး ၁၅ပဲရည်တစ်ကျပ်သားလျင် ကျပ် ၈၃၈၁၀၀ ဖြစ်ကြောင်း အောင်သမာဓိစိန် ရွှေရတနာဆိုင်မှ သိရသည်။ အဆိုပါ ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်းသတ်မှတ်ထားမှုမှ တစ်ရာခိုင်နှုန်းသို့ လျှော့ချရန် သတ်မှတ်မှု အတည်ဖြစ်မဖြစ်ကိုမူ လွှတ်တော်အတွင်း အတည်ပြုဆွေးနွေးခြင်းနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုချိန်မှသာ ကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန် ရာခိုင်နှုန်း အတိအကျကို သိရှိရမည် ဖြစ်သည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment