ရေတံခွန်သို့ သွားရောက် လည်ပတ်ကြသူများတွင် လူငယ်လူရွယ် အများအပြားဖြစ်ပြီး လားရှိုးမြို့မှ မန်အိုင်၊ ကုန်းညောင်ကျေးရွာ လမ်းအတိုင်း ၁၀ မိုင်ခန့် သွားရောက်ရကြောင်း သိရသည်။
“ရေတံခွန်ကို လားရှိုးကနေ မန်အိုင်၊ ကုန်းညောင်လမ်းအတိုင်းပန်ဟုန်း၊ ပန်ခေါ်ရွာထိ သွားရပါတယ်။ လမ်းကတော့ လားရှိုးကနေ ပန်ခေါ်ရွာထိ ကျေးလက်ကတ္တရာလမ်းပါ။ ပန်ခေါ်ရွာကနေ ရေတံခွန်ထိတော့ မြေသားလမ်းအတိုင်း သွားရပါတယ်။ ရေတံခွန်ထိတော့ ကားတွေဆိုင်ကယ်တွေ သွားလို့မရသေးပါဘူး” ဟု ရေတံခွန်သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။
ပန်ခေါ်ကျေးရွာအနီးရှိ ခြောက်ထပ်ဆင့်ရေတံခွန်သည် အင်တာနက်လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် လအနည်းငယ်အတွင်း လူသိများလာကာ အလည်အပတ် သွားရောက်သူ များပြားလာခြင်းဖြစ်သည်။
“ဒီရေတံခွန်က ရှိနေတာက ကြာပါပြီ။ ဒါပေမဲ့ လူတွေသိပ်မသိတာရယ်၊ တောလမ်းကြမ်းတာတွေရယ်ကြောင့် သိပ်နာမည် သိပ်မကြီးခဲ့ဘူး။ အခုတစ်လော လူငယ်လူရွယ်လေးတွေ အများအပြား လာကြပြီး အင်တာနက် လူမှုကွန်ရက်တွေမှာ တင်လာကြတော့ လူတွေတော်တော်များများ သိလာကြပြီး နေ့စဉ်နီးပါး လာလည်နေကြတယ်။ လာလည် နေကြတယ် ဆိုပေမယ့်လည်း ဆိုင်ကယ်အပ်တဲ့နေရာ၊ စားသောက်ဆိုင် တစ်ခုမှ မရှိသေးပါဘူး။ နောက်ပိုင်းတော့ ဒီထက်ပိုစည်ကားပြီး ခရီးသွားတွေများလာမယ်။ လည်ပတ်သူတွေ များလာမယ်ဆိုရင် ဒေသခံတွေလည်း ဒီရေတံခွန်ကြီးကို အမှီတဟဲပြုပြီး စီးပွားရေး လုပ်ငန်းတွေ ဖြစ်လာနိုင်မယ်လို့တော့ ထင်မိတယ်” ဟုပန်ခေါ်ကျေးရွာမှ ဒေါ်နန်းအေးမှုံက ပြောကြားသည်။
“ရေတံခွန်က အခုရက်ပိုင်း လူသိများလာတော့ လူငယ်လူရွယ်တွေ အတော်များများလာကြတယ်။ လာတဲ့အခါ တချို့တွေက ကိုယ်စားသောက်ခဲ့တဲ့ အရာဝတ္ထု၊ အမှိုက်တွေကို စည်းကမ်းတကျ မပစ်ခဲ့ကြဘူး။ ဒါကြောင့် ပြောလိုတာက ရေတံခွန်ကို လာလည်ကြတဲ့ သူတွေအားလုံး အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်ကြပါ။ နောက်ဆိုရင် ကမ္ဘာ့လှည့် ခရီးသွားတွေ လာရောက်လည်ပတ်ရင် ဒီအမှိုက်တွေ စည်းကမ်းတကျ စွန့်ပစ်ခြင်း မရှိတဲ့ ပြဿနာကြောင့် ဆွဲဆောင်နိုင်မှု နည်းသွားနိုင်ပါတယ်။ အခုကတည်းက အမှိုက်ပုံးတွေနဲ့ စည်းကမ်းတကျ အမှိုက်ပစ်တဲ့ အလေ့အထနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ အလေ့အထလေးတွေ ရှိနေမယ်ဆိုရင် နောင်ဒီရေတံခွန်ကြီးက ဒီထက်လူပိုစည်ကားလာပြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်” ဟု ဒေသခံ ခရီးသွားလမ်းညွှန် ကိုသိန်းမင်းထွန်းက ပြောကြားသည်။
အဆိုပါ ပန်ခေါ်ကျေးရွာအနီးရှိ ခြောက်ထပ်ဆင့် ရေတံခွန်သို့ လားရှိုးမြို့မှ ကားစင်းလုံးငှားပြီး သွားရောက်မည် ဆိုပါက ကားခ ကျပ် ၆၀၀၀၀ ခန့်ပေးရပြီး ဆိုင်ကယ်များဖြင့် စီးနင်းသွားရောက်ကြမည် ဆိုပါက အချိန်တစ်နာရီခန့် ဆိုင်ကယ်စီးရကြောင်း သိရသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment