Wednesday, January 11, 2017

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလ ထုတ်ပြန်


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော တနင်္သာရီကမ်းရိုးတန်းပေါ်တွင် ဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေကြောင်း သိရသည်။


“အခုဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဇန်န၀ါရီ ၁၁ ရက်လောက်မှာ မွန်ပြည်နယ်ကို ၀င်ရောက်နိုင်တယ်လို့ ခန့်မှန်းရတယ်။ အခုက ကြိုတင်ခန့်မှန်းချက်တွေ ဖြစ်တဲ့အတွက် အချိန်နဲ့အမျှတော့ ပြောင်းလဲနိုင်တယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် ဇန်န၀ါရီ ၁၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ မွန်ပြည်နယ်တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်‌ ကယားပြည်နယ်တို့တွင် တိမ်အသင့်‌အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေ ပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

နောက်နှစ်ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်၍ ဆက်လက်မိုးကြီးဦးမည်ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ ၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် မွန်ပြည်နယ်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်ခဲ့ကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်အနေဖြင့် ကော့သောင်းမြို့တွင် ၄ ဒသမ ၁၃ လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။

ယခုကာလတွင်ဖြစ်ပွားသော မုန်တိုင်းများသည် အထက်ဘက်မှလာသော လေဖိအားကြီးရပ်ဝန်းများကြောင့် အားသိပ်ကောင်းလေ့မရှိကြောင်း၊ ဇန်န၀ါရီလတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများသည် မြန်မာနိုင်ငံသို့ သက်ရောက်မှုအနေဖြင့် ၁၈၈၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း နှစ်ကြိမ်ခန့်သာရှိကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment