Friday, January 13, 2017

ငါးနှစ်အတွင်း ပြည်ပပို့ကုန် အားလုံး၏ ၅၈ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများမှ တင်ပို့နေခြင်းဖြစ်

ငါးနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပပို့ကုန် အားလုံး၏ ၅၈ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြု ချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများမှ တင်ပို့နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ယခင် အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ (MIC) ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများမှ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်မှု အနေအထားမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်အားလုံး၏ ၅၄ ရာခိုင်နှုန်းမှာ MIC ခွင့်ပြု သည့်လုပ်ငန်းများက တင်ပို့ခြင်းဖြစ်ကြောင်း၊၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ရာခိုင်နှုန်း ၆၀၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၆၃ ရာခိုင်နှုန်း၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆၇ ရာခိုင်နှုန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၆ ရာခိုင်နှုန်းအထိ တင်ပို့ထားကြောင်း သိရသည်။


“ဆိုတော့ ငါးနှစ်အတွင်း ပို့ကုန်အားလုံးရဲ့ ၅၈ ရာခိုင်နှုန်းက MIC ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းများမှ တင်ပို့နေခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောကြားသည်။

MIC ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများမှ ထုတ်ကုန်များ၏ ပြည်ပပို့ကုန်တန်ဖိုးတွင် ပါဝင်မှု အနေအထားကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံ ကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခြောက်ဘီလျံကျော်၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ရှစ်ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ခုနစ်ဘီလျံကျော်၊၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာခြောက်ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ကမ္ဘာပေါ်မှာ ရင်းနှီးမြှုပ်နှံမှုလို့ ပြောရင် ကုန်ထုတ်လုပ်မှုရယ် ၀န်ဆောင်မှုရယ် နယ်ပယ် အဓိကနှစ်ခုရှိပါတယ်။ ၀န်ဆောင်မှုရဲ့အခန်းကဏ္ဍသည် တစ်ကမ္ဘာလုံးခြုံကြည့်ရင် ရာခိုင်နှုန်း ၇၀ လောက် ရှိပါတယ်။ ရင်းနှီး မြှုပ်နှံမှုလို့ပြောတိုင်း ကုန်ထုတ်လုပ်မှု တက်တာ မဟုတ်ပါဘူး။ ၀န်ဆောင်မှုလည်း အကျုံးဝင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်ပြီး ဝေဖန်မှုအမျိုးမျိုး ရှိခဲ့ကြောင်း၊ MIC က ခွင့်ပြုလိုက်သည့် လုပ်ငန်းများသည် ကိန်းဂဏန်းများ အရသာ မြင့်တက်နေခြင်းဖြစ်ပြီး အမှန်တကယ်တွင် တိုးတက်လာခြင်း မရှိ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာသော်လည်း တိုင်းပြည်၏ပို့ကုန် ကဏ္ဍ တက်မလာကြောင်း စသည်ဖြင့် ဝေဖန်မှုများရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့် စက်ပစ္စည်း၊ ယန္တရား စသည့် လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းလာခြင်းသည်လည်း ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကာ မြန်မာနိုင်ငံအတွင်း လိုအပ်သလို အသုံးပြုနိုင်ရန် သွင်းလာသည့် ငွေသားသည်လည်း ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment